အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိစေရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ စစ်တွေတွင် ပြုလုပ်

အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိစေရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ စစ်တွေတွင် ပြုလုပ်
ဓာတ်ပုံ - မိုးအောင်/RiA

စစ်တွေ၊ မတ် ၈ ရက်။         ။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား ကျားမတန်းတူအခွင့်ရေး ရရှိစေရေး သဘောတရားကိုရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲနှင့် အထိမ်းမှတ် အခမ်းနားကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် NGOများပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အမျိုးသမီးများ တန်းတူခွင့်ရေးရရှိစေရန် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသားအဆင့်စီမံချက် ( ၁၂) ရပ်ရေးဆွဲပြီး အကောင်ထည်ဖော်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အခမ်းနားတွင် ပြောကြားခဲ့သည်။

“ရေးဆွဲထားတဲ့ စီမံချက် ၁၂ ရပ်က အမျိုးသမီးနဲ့ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေးလေ့ကျင့်သင်ကြားမှု၊ ကျန်းမာ ရေး၊ အကြမ်းဖက်မှုနဲ့ အရေးပေါ်အခြေနေတွေ၊ ဆုံးဖြတ်ချက် ချမှတ်ရေး၊ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရား၊ လူအခွင့်ရေး၊ လူထုဆက်သွယ်ရေး၊ သဘာဝပါတ်ဝန်းကျင်၊ အမျိုးသမီးငယ်အရွယ်များ စတဲ့အချက်ပဲ ဖြစ်ပါတယ်။”ဟု ဒေါက်တာချမ်းသာကပြောသည်။

ယင်းစီမံချက် (၁၂) ရပ်အား နည်းဗျူဟာ (၄) ခုတို့ဖြင့်ဆောင်ရွက်လျှက်ရှိရာ အဆိုပါနည်းဗျူဟာများမှာ သုတေသန ပြုလုပ်ခြင်း၊ အသိပညာပေးခြင်း၊ သတင်းအချက်အလက် ဖြန့်ဖြူခြင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း အစီစဉ်ဆောင်ရွက်ခြင်း တို့ ဖြစ်ကြောင်းသိရသည်။

အမျိုးသမီးများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး ရခိုင်ဒေသတွင် အမျိုးသမီးအိမ်တွင်း အသက်မွေးဝမ်းကျောင်း သင်တန်းများလည်း ပြုလုပ်ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဌာနမှ ဒေါ်ခင်သန္တာဖြူက ဆိုသည်။

“ဒီမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ အလုပ်အကို်င် အခွင့်အလှမ်းအတွက် ရည်ရွယ်ပြီး အခုလက်ရှိဆောင်ရွက်ပေး နေပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေဆိုရင်လည်း ကျွန်မတို့က ပြန်လည်ခေါ်ပြီးတော့ သူတို့မိသားစုတွေနဲ့ တွေ့နိုင်အောင် စီစဉ်ပေးပါတယ်”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းသည် ၂၀၃၀ မပြည့်မီ ကမ္ဘာပေါ်ရှိ အမျိုးသမီးများအားလုံး တန်းတူအခွင့်ရေး ရရှိရေးအတွက်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု မရှိသည့် အခွင့်ရေးများကြောင့် တစ်ရက်ကို အမျိုးသမီး ၈ ဦးနှုန်း သေဆုံးလျှက်ရှိသည် ဟု အခမ်းနားသို့ တက်ရောက်လာသည့် UN ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတကာ လူမူအဖွဲ့စည်းများကလည်း ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်း ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required