အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း စင်ကာပူအသင်းနှင့် ပွဲဦးထွက်ကစားမည်

အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း စင်ကာပူအသင်းနှင့် ပွဲဦးထွက်ကစားမည်
ကမ္ဘောဒီးယားနိုင်ငံတွင် လေ့ကျင့်နေသော မြန်မာ ယူ၁၆ အသင်း(ဓာတ်ပုံ - MFF)

ဇူလိုင် ၂၇၊ ရန်ကုန်။    ။ ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဘောလုံးအသင်းသည် အုပ်စု(ခ)၏ ပွဲဦးထွက်အဖြစ် စင်ကာပူအသင်းနှင့် ဇူလိုင် ၂၈ ရက် (မြန်မာစံတော်ချိန်) ညနေ ၄း၀၀ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး အုပ်စု(က)တွင်မလေးရှား၊ ဗီယက်နမ်၊ လာအို၊ တီမော၊ ဘရူနိုင်းနှင့် ထိုင်းအသင်းတို့ ပါဝင်နေပြီး အုပ်စု(ခ)တွင် အိမ်ရှင်ကမ္ဘောဒီးယား၊မြန်မာ၊ သြစတြေးလျ၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက မြန်မာ ယူ-၁၆ အသင်း၏နည်းပြဖြစ်လာသူ အဲရစ်ဝီလျံက ' ဒီအသင်းအတွက် တာဝန်ပေးခန့်အပ်တာ အချိန်တစ်ပတ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်ကျွန်တော့်အသင်းအနေနဲ့ ပြိုင်ပွဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်ရရှိဖို့ အထူးအာရုံစိုက်ထားပါတယ်။ဒီပြိုင်ပွဲမှာ ဒေသတွင်း ပြိုင်ဘက်အသင်းတွေရဲ့ အကြောင်းကို လေ့လာသုံးသပ်သွားမှာပါ'ဟု ပြောခဲ့သည်။

မြန်မာ့လက်ရွေးစင်ယူ ၁၆ အသင်း ပါဝင်သော အုပ်စု(ခ)တွင် အိမ်ရှင်ကမ္ဘောဒီးယား၊ သြစတြေးလျစသည့် အသင်းများ ပါဝင်နေသောကြောင့် အုပ်စုအဆင့်မှ နောက်တစ်ဆင့် တက်ရန် ရုန်းကန်ရနိုင်ပြီး အိမ်ရှင်ကမ္ဘောဒီးယားအသင်းမှာ ၂၀၁၅ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကပင် လေ့ကျင့်ပြင်ဆင်ထားသော အသင်းဖြစ်သည်။

မြန်မာအသင်းသည် ဇူလိုင် ၂၈ ရက်တွင် စင်ကာပူအသင်းနှင့် ကစားပြီးပါက သြဂုတ် ၁ ရက်တွင် ဖိလစ်ပိုင်၊ သြဂုတ် ၃ ရက်တွင် သြစတြေးလျနှင့် သြဂုတ် ၅ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required