ဘာစီလိုနာက PSG ကို (၆) ဂိုးထိ သွင်းယူနိုင်မယ်လို့ နည်းပြ အင်းနရစ် ပြော

ဘာစီလိုနာက PSG ကို (၆) ဂိုးထိ သွင်းယူနိုင်မယ်လို့ နည်းပြ အင်းနရစ် ပြော
(ဓာတ်ပုံ - အီးပီအေ)

ရာသီကုန်မှာ ဘာစီလိုနာနည်းပြရာထူးကနေ ထွက်ခွာတော့မယ့် လူးဝစ်အင်းနရစ်က ချန်ပီယံလိဂ် (၁၆) သင်းရှုံးထွက်အဆင့် ဒုတိယအကျော့မှာ သူ့အသင်းက PSG ကို (၆) ဂိုးထိသွင်းယူပြီး ချန်ပီယံလိဂ်မှာ သမိုင်းဝင် မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုသွားပါတယ်။

"သူ့တို့က ကျနော်တို့ကို လေးဂိုး သွင်းနိုင်ခဲ့ရင် ကျနော်တို့ကလည်း ၆ ဂိုး သွင်းနိုင်ပါတယ်။ ကျနော်တို့ ဘာမှ ရှုံးနိမ့်စရာအကြောင်း မရှိပါဘူး။ နိုင်ဖို့ အခွင့်အရေး အများကြီးရှိပါတယ်"လို့ အင်းနရစ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဘာစီလိုနာဟာ ပထမအကျော့မှာ PSG ကို (၄-၀)ဂိုးနဲ့ ဂိုးပြတ် ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ပြီး အဝေးဂိုးတောင် မရရှိခဲ့ပါဘူး။

"ပထမအကျော့ ရလဒ်တွေက တစ်ဖက်သတ်ဖြစ်လွန်းရှိနေပေမယ့် ကျနော်တို့ဘက်ကလည်း နောက်တစ်ဆင့်အတွက် အခွင့်အရေး တစ်ဝက်အနေအထားမှာ ရှိပါတယ်။" သူက ဆက်ပြောပါတယ်။

ချန်ပီယံလိဂ်ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာတော့ ဘယ်အသင်းကမှ (၄)ဂိုးပြတ် အရှုံးကနေ ပြန်မလာနိုင်တာကို တွေ့ရပါတယ်။

"၉၅ မိနစ်အတွင်းမှာ အမြောက်အများ ဖြစ်ပျက်သွားနိုင်ပါတယ်။ ကျနော်တို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ နည်းပြအင်းနရစ်က ဆိုပါတယ်။

အိမ်ကွင်းရလဒ် အားကောင်းမှုတွေအရ ဘာစီလိုနာနည်းပြအနေနဲ့ အနည်းဆုံး အချိန်ပိုအထိ ဆွဲဆန့်နိုင်ခဲ့ရင်တော့ လုံလောက်ပါလိမ့်မယ်။

ဘာစီလိုနာဟာ ဆဲလ်တစ်ကို ရ-၀ ဂိုး၊ မန်စီးတီးကို (၄-၀)နဲ့ မိုချန်ဂလာဘတ် (၄-၀)ဂိုးတွေနဲ့ ဒီရာသီ သူတို့ရဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၃ ပွဲမှာ စံချိန်တင် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Ref; AFP, EFP_EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required