အိန္ဒိယနယ်စပ်တွင် မြန်မာတပ်မတော်က တပ်ဖွဲ့ဝင်အင်အား ၆၀၀၀ ဖြန့်ကြက်ထား

အိန္ဒိယနယ်စပ်တွင် မြန်မာတပ်မတော်က တပ်ဖွဲ့ဝင်အင်အား ၆၀၀၀ ဖြန့်ကြက်ထား

ဇူလိုင် ၂၇ ရက် ။      ။ မြန်မာ့ တပ်မတော်က အိန္ဒိယနယ်စပ်တစ်လျှောက်တွင် အရာရှိနှင့် စစ်သည်များ အရန်တပ်အင်အား ၆၀၀၀ ဝန်းကျင်ကို ဖြန့်ကြက်ချထားကြောင်း အိန္ဒိယသတင်းများအရ သိရသည်။

အိန္ဒိယနိုင်ငံ၏ မြန်မာပိုင်နက်အတွင်း အမြစ်ဖြတ်သူပုန်ချေမှုန်းရေး စစ်ဆင်မှုများ လုပ်ဆောင်ခြင်းမှ တားဆီးသည့်လက္ခဏာအဖြစ် ရှုမြင်ရကြောင်း PTI သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ၁၆၄၃ ကီလိုမီတာတစ်လျှောက်တွင် ဖြန့်ကြက်တပ်စွဲထားသည့် တပ်မတော်စခန်း ၅ ခုတွင် တပ်အင်အားကို ထပ်တိုးဖြန့်ကြက်ထားခြင်းဖြစ်ကြောင်း အိန္ဒိအစိုးရ အကြီးတန်း အရာရှိ တစ်ဦးအား ကိုးကားထားသည်။

ဇွန် ၉ ရက်က အိန္ဒိယအသေခံအထူးတပ်ဖွဲ့များက မြန်မာပိုင်နက်အတွင်း အခြေစိုက်ထားသည့် သူပုန်များ ကို စစ်ဆင်ရေးဆင်နွှဲခဲ့ခြင်းမျိုး ထပ်မဖြစ်အောင် တားဆီးသည့် လက္ခဏာတစ်ရပ် ဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ထောက်လှမ်းရေးအချက်အလက်များအပေါ် ကိုးကားလျက် PTI သို့ ပြောဆိုသည်။

သို့သော် PTI သတင်းတွင် မြန်မာတပ်မတော်ဘက်သို့ မေးမြန်းအတည်ပြုချက် ထည့်သွင်းရေးထားခြင်း မတွေ့ရပါ။

အိန္ဒိယနိုင်ငံဖက် မဏိပူပြည်နယ် ချန်ဒယ်အရပ်တွင် နာဂသူပုန်အဖွဲ့က ဇွန် ၄ ရက်နေ့၌ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့သည်။

ယင်းနောက် အိန္ဒိယကွန်မန်ဒိုများ၏ စစ်ဆင်ရေးတွင် ကွန်မန်ဒိုအင်အား ၇၀ ခန့်က အားပြင်းရိုင်ဖယ်များ၊ လောင်ချာများ၊ လက်ပစ်ဗုံးများ၊ ညကြည့်မျက်မှန်များဖြင့် မြန်မာပိုင်နက်တွင်း ရဟတ်ယာဉ်ဖြင့် ဆင်းသက်ကာ NSCN-K နှင့် KYKL သူပုန်စခန်းနှစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံ တပ်မတော် အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် အိန္ဒိယသို့ သွားရောက်နေချိန်နှင့် ယခုသတင်းထွက်ပေါ်ချိန် တိုက်ဆိုင်နေသည်။

Ref; PTI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly