မြောက်ကိုရီးယားနှင့် မလေးရှားတို့အကြား တင်းမာမှု အရှိန်မြင့်လာနေပြီး နိုင်ငံသားများ ထွက်ခွာခွင့် အပြန်အလှန် ပိတ်ပင်ထား

မြောက်ကိုရီးယားနှင့် မလေးရှားတို့အကြား တင်းမာမှု အရှိန်မြင့်လာနေပြီး နိုင်ငံသားများ ထွက်ခွာခွင့် အပြန်အလှန် ပိတ်ပင်ထား

မတ် ရ ။                 ။ ကင်မ်ဂျံုနမ် ကိစ္စကြောင့် မလေးရှားနဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာမှုတွေ ပိုမိုအရှိန်မြင့်လာနေပြီး ယနေ့ မတ်လ ရ ရက်အစောပိုင်းမှာတော့ မြောက်ကိုရီးယားရောက် မလေးရှားနိုင်ငံသားတွေကို နိုင်ငံမှထွက်ခွာခွင့်  ပြံုယမ်းအာဏာပိုင်တွေဘက်က ပိတ်ပင်ထားလိုက်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပင် ယင်းလုပ်ရပ်ကို လက်တုန့်ပြန်တဲ့အနေနဲ့ မလေးရှားအစိုးရကလည်း နိုင်ငံမှာရှိနေတဲ့ မြောက်ကိုရီးယားသံရုံးက သံတမန်တွေ၊ ၀န်ထမ်းတွေ အကုန်လုံးကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့် တားဆီးပိတ်ပင်ထားလိုက်ပြီလို့လည်း ဆိုပါတယ်။

ယင်းအပြန်အလှန်ပိတ်ပင်ချက်တွေကြောင့် ယခုအခါ နှစ်နုင်ငံအကြား တင်းမာမှုတွေကို ပိုမိုအရှိန်မြင့်စေခဲ့ပြီပဲဖြစ်ပါတယ်။

ယခုအခါ ပြုံယမ်းအစိုးရအနေနဲ့ မိမိတို့ နိုင်ငံသားတွေကို ဓားစာခံ တွေအဖြစ် ထိန်းသိမ်းထားလိုက်တာပဲ ဆိုပြီး မလေးရှား ၀န်ကြီးချုပ် နာဂျစ်က မဆိုင်းမတွ ပြစ်တင်ပြောကြားသွားပါတယ်။ ယခုလောလောဆယ်အထိ တော့ မြောက်ကိုရီးယားမှာ မလေးရှားနိုင်ငံသား ၁၁ ဦးလောက် ထွက်ခွာခွင့်ပိတ်ထားခံရတယ်လို့လည်း သိရပါတယ်။

ယခုလို အပြန်အလှန် လက်တုန့်ပြန်လုပ်ဆောင်မှုတွေဟာ ပြီးခဲ့သည့် သုံးပတ်အကြာက ကင်မ်ဂျံုနမ် ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရတဲ့ကိစ္စနောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေ အရှိန်မြင့်သထက် မြင့်လာနေခဲ့တာလည်း ဖြစ်ပါတယ်။

" နိုင်ငံမှာ ရောက်နေတဲ့ မလေးရှားနိုင်ငံသားတွေကို သူတို့နိုင်ငံ ပြန်ခွင့် ကျွန်တော်တို့အစိုးရဘက်က ယာယီပိတ်ပင်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ရပါပြီ" လို့ ပြံုယမ်းအစိုးရပိုင် သတင်းအေဂျင်စီ KCNA က ထုတ်ဖော်တင်ပြသွားခဲ့တာဖြစ်ပါတယ်။

မလေးရှားက မြောက်ကိုရီးယားသံတမန်တွေနဲ့ နိုင်ငံသားတွေ ဘေးကင်းလုံခြံုမှု ရတဲ့အထိ ယင်းပိတ်ပင်ချက်ကို ဆက်ထားမှာဖြစ်ကြောင်း ပြံုယမ်းဘက်က ပြောပါတယ်။

နှစ်နိုင်ငံအကြား တင်းမာမှုတွေအကြား ယမန်နေ့ကလည်း ကင်မ်ဂျုံနမ် ကိစ္စကြောင့်ပဲ မြောက်ကိုရီးယားသံအမတ်ကြီးကို မလေးရှားအစိုးရက နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ကိစ္စလည်း ရှိထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly