ချယ်လ်ဆီးအသင်း အောက်ခြေမလွတ်ဘဲ လက်ရှိခြေစွမ်းဆက်ထိန်းရမည်ဟု ကွန်တီပြော

ချယ်လ်ဆီးအသင်း အောက်ခြေမလွတ်ဘဲ လက်ရှိခြေစွမ်းဆက်ထိန်းရမည်ဟု ကွန်တီပြော

မတ် ရ၊ လန်ဒန်။               ။ တနင်္လာနေ့တွင် ဝက်စ်ဟမ်းကို ၂-၁ ဖြင့်အနိုင်ရပြီး ပရီးမီးယားလိဂ်ဖလားရရန် ခြေတစ်လှမ်းထပ်မံနီးစပ်သွားပြီးနောက် ချယ်လ်ဆီးကစားသမားများအနေဖြင့်   အောက်ခြေမလွတ်ဘဲ ခြေစွမ်းကိုဆက်ထိန်းထားရမည်ဟု နည်းပြကွန်တီကပြောသည်။

ချယ်လ်ဆီးအသင်းသည် ၁၁ ပွဲကျန်နေသေးချိန်တွင် ဒုတိယနေရာမှစပါးအသင်းကို ၁၀ မှတ်ဖြတ်ထားသည်။ ချယ်လ်ဆီး ပရိသတ်များသည်လန်ဒန်ကွင်းတွင် ‘ငါတို့ ပရီးမီးယားလိဂ်ဖလားရပြီ’ဟု သံပြိုင်သီဆိုခဲ့ကြသော်လည်း ကွန်တီက “၂၆ မှတ် ထပ်ရအောင်ယူရဦးမယ်လို့ တွေးကိုတွေးထားရပါမယ်။ ကျွန်တော်တို့တစ်ဆင့်ချင်းသွားမယ်”ဟု ပြောသည်။

၂၆ မှတ်ထပ်ရလျှင် စုစုပေါင်းရမှတ် ၉၂ မှတ်ဖြစ်သွားမည်ဖြစ်ပြီး စပါးအသင်းမှာအမြင့်ဆုံးအနေဖြင့် ၈၉ မှတ်သာရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်တွင်ပထမဦးဆုံးပွဲဦးထွက်ရာသီကိုဖြတ်သန်းနေသည့် အီတလီလူမျိုးကွန်တီက “အခုကတည်းက အဆုံးထိ ပြိုင်ဘက်တိုင်းက ကျွန်တော်တို့ကိုအနိုင်ယူချင်နေတယ်ဆိုတာကို ကျွန်တော်တို့တွေးကိုတွေးထားရပါမယ်။

အိပ်မက်တယ်ဆိုတာကောင်းပါတယ်။ ဒါပေမဲ့ အောက်ခြေမလွတ်ဘဲ ဆက်ကြိုးစားနေဖို့ကလည်း အရေးကြီးတယ်”ဟု ပြောသည်။

စံချိန်တင်နိုင်ပွဲ ၂၁ ပွဲရခဲ့သော်လည်း ဝက်စ်ဟမ်းကို ပွဲပြီးခါနီးတွင်ဂိုးပေးခဲ့ရသည့်အတွက် စိတ်ပျက်မိသည်ဟု ကွန်တီကဆိုသည်။

ပွဲချိန် ၂၅ မိနစ်တွင် ချယ်လ်ဆီးအတွက် ဟာဇက်က တန်ပြန်တိုက်စစ်မှတစ်ဆင့်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် မိနစ် ၅၀ တွင် ဒီယေဂိုးကော်စတာက ၂-၀ ဂိုးဖြစ်စေခဲ့သည်။

သို့သော်ပွဲပြီးခါနီးတွင် လန်ဇီနီသွင်းယူသည့်ချေပဂိုးတစ်ဂိုးကြောင့် ပွဲပြီးခါနီးမိနစ်အနည်းငယ်မှာ ချယ်လ်ဆီးအတွက် မလွယ်ကူသော နောက်ဆုံးမိနစ်များဖြစ်ခဲ့ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags