နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ဆွဲခေါ်ပါ

နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ဆွဲခေါ်ပါ
ဖေဖော်ဝါရီလက တွေ့ရတဲ့ ဒေါ်ဆာရာမန်အီယန်နော်န်ဆုန် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ဟားခါး (Myanmar Now) ။               ။ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်နိုင်ဖို့ ပတ်ဝန်းကျင်ရဲ့အားပေးမှု လိုအပ်တယ်လို့ ချင်းပြည် နယ် ဟားခါးမြို့အခြေစိုက်ချင်းအမျိုးသမီးများအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဒေါ်ဆာရာမန်အီ ယန်နော်န်ဆုန်က ပြောလိုက်ပါတယ်။သူကချင်းခရစ်ယာန်တက္ကသိုလ် အင်္ဂလိပ်စာဌာနရဲ့ လက်ထောက်နည်းပြလည်း ဖြစ်ပါတယ်။ 

  မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံစဉ်မှာသူကအမျိုးသမီးကဏ္ဍ၊ ချင်းဓလေ့ထုံးတမ်း ဥပဒေ၊ ဒေသတွင်းစိုုက်ပျိုးရေး အခြေအနေတို့အကြောင်း ပြောပြထားပါတယ်။

  မေး -ချင်းအမျိုးသမီးများအဖွဲ့မှာ စတင် ပါဝင်ခဲ့ပုံအကြောင်း ပြောပြပေးပါ။

ဖြေ - ဟားခါးမြို့ကိုရောက်တဲ့အချိန်မှာ ကျွန်မလည်းတက္ကသိုလ်မှာ ဆရာမလုပ်နေတော့ တွေ့မိတာတွေက ကျွန်မတို့ အမျိုးသမီးတွေက ကျောင်းပညာရေးမှာ ဘယ်လောက်ပဲတော်နေနေ အမျိုးသားတွေလောက် ဦးစားပေးမခံရတာတွေကို တွေ့မိတယ်။ ကျွန်မတို့ ချင်းအမျိုးသမီးတွေက ပညာရေးမှာလည်း ယောက်ျားလေးထက်စာရင် ဦးစားပေးမခံရဘူး။ သူက မိန်းကလေးပဲ   ကျောင်းလည်းမတက်နဲ့တော့၊ တစ်ချိန်ကျရင် သူများဇနီးဖြစ်မယ့်ဟာ ပညာအရမ်းတတ်နေစရာ မလိုဘူးဆိုတဲ့ အဲ့ဒီအတွေးတွေကိုလည်း ကျွန်မမကြိုက်ဘူး။ မိန်းကလေးတွေကိုပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောပြောတာမျိုးမဟုတ်ဘဲ မိဘတွေကိုလည်း သိစေချင်ပါတယ်၊ အမျိုးသမီးပညာတတ်တွေ အများကြီးရှိမှပဲ ကျွန်မတို့ ချင်းပြည်တိုးတက်မယ်ဆိုတာကို မျှဝေချင်ပါတယ်။ ချင်းအမျိုးသမီးများအဖွဲ့မှာ သုတေသနနှင့့် ဖွံ့ဖြိုး တိုးတက်ရေး ညွှန်ကြားရေးမှူးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်၊ ဘာကြောင့်မို့လို့ အမျိုးသမီးတွေ ခွဲခြား ခံနေရတာလဲဆိုတာကို ဖော်ထုတ်မယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး သုတေသနလည်းလုပ်ချင်တာပေါ့။ သူတို့ပေးတဲ့ရာထူးနဲ့ ကျွန်မလုပ်ချင်တာနဲ့က ကွက်တိပဲဆိုတော့ တော်တော်လေးကို အဆင်ပြေပါတယ်။

   မေး -ဘယ်လိုမျိုး သုတေသနလုပ်ငန်းတွေ လုပ်ကိုင်ပြီးပြီလဲ။

  ဖြေ -ကျွန်မတို့မြို့နယ်မှာ တောင်တွေပြိုတုန်းက အစိုးရက ဟားခါးထာရ်ရပ်ကွက် အမှတ် (၁)၊ အမှတ် (၂) ဆိုပြီးတော့ မြို့သစ်ရပ်ကွက်ဖော်ပြီး နေရာချပေးပါတယ်။ အဲ့ဒီနေရာကိုသွားပြီး ကျွန်မအ မျိုးသမီးတွေနဲ့ စကားပြောဖြစ်ပြီးတော့ သူတို့ ဘာတွေခံစားနေရလဲဆိုတာကို သုတေသန လုပ်ဖြစ်ပါ တယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲကြံုနေတဲ့ အမျိုးသမီးတွေက အရင်တုန်းက တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေပဲများတယ်။ တောင်ပြိုသွားတော့ မြေနေရာတွေလည်း ပျက်ကုန် ပြီးသူတို့ အသက်မွေးဝမ်းကျောင်းအတွက် ချင်းရက်ကန်းအထည်တွေကို ရက်နေရတယ်။ ဒါပေမဲ့ အရမ်းခက်ခဲတာကို တွေ့ရတယ်။ တချို ့မိဘတွေကတော့ သားသမီး ကျောင်းထုတ်လိုက်တာ မျိုးတွေ ရှိတယ်။ တချို ့လည်း နိုင်ငံတကာအဖွဲ့အစည်း အကူအညီတွေနဲ့   ကျောင်းဆက်တက်နေ တာကို တွေ့ရတယ်။ တချို ့ကလေးတွေက ပညာရေးမှာ အားနည်းသွားတာ၊  ကျောင်းမတက်နိုင်တာ မျိုးတွေ တွေ့ရတယ်၊ အမျိုးသမီး၊ ကလေးငယ်တွေက အဲ့ဒီမြေပြိုမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိတ်ဓာတ် ကျနေတာတွေ့ရတယ်၊ လူဦးရေအရလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် များနေတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အများကြီး ကူညီပေးရမယ်၊ ဒါက ကျွန်မရဲ့ တွေ့ရှိချက်ပါ၊  ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတုန်းက ကောက်ထားတဲ့စာရင်းအရပါ။ လောလောဆယ်တော့ အစိုးရ အကူအညီပေးမှုကြောင့် စားဖို့သောက်ဖို့တော့ ရှိပါတယ်။

 သူတို့က တောင်သူပဲလုပ်တတ်တာ။ ပိုက်ဆံပေးမယ် စျေးရောင်းဆိုရင်လည်း ရောင်းတတ်မှာ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကျွမ်းကျင်ရာ ကျွမ်းကျင်ကြောင်းပဲ တတ်နိုင်ကြတာ။ ထောက်ပံ့ တယ်ဆိုပေမယ့် အစိုးရရော နိုင်ငံတကာအဖွဲ့အစည်းတွေရောက သူတို့ကန့်သတ်ထားတဲ့ အချိန်အ တောတွင်းမှာပဲ ကူညီမှာပေါ့၊ အဲ့ဒီနောက်ပိုင်းတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြီးတော့ ရုန်းကန်ကြရ မှာ။ အခုက စိုက်ပျိုးရေးလုပ်တဲ့သူက စိုက်ပျိုးစရာနေရာလည်းမရှိတော့ ဘဝအာမခံချက်မရှိတော့တာ တွေ့ရပါတယ်။

  မေး -ဒီဒေသမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အခြေအနေ ဘယ်လိုရှိလဲ။

  ဖြေ -အခုကပွင့်လင်းမြင်သာမှု ရှိနေပြီဆိုတော့ အရင်ကထက်စာရင် ပြောင်းလဲတာမျိုးတွေ ရှိတာပေါ့။ မပြောင်းလဲသေးတာက… ချင်းဓလေ့ထုံးတမ်း ဥပဒေမှာပါတဲ့ အမျိုးသမီးက အမွေဆက်ခံ ခွင့် မရှိဘူး။ ပညာရေးပိုင်းမှာ ခွဲခြားဆက်ဆံမှုရှိတယ်။ အိမ်ထောင်ရေးပိုင်းမှာလည်း ဒီအတိုင်းပဲ၊ အစည်းအဝေး တစ်ခုလုပ်တော့မယ်ဆို မိန်းကလေးက   အောက်မှာထိုင်ရတာမျိုးတွေ ရှိတယ်၊   ယောကျ်ားလေးက ထိုင်ခုံမှာထိုင်ရတယ်။ မိန်းကလေးတွေ ကိုယ်တိုင်လည်း မပြောင်းလဲနိုင်သေး တာပါ။ အဲ့ဒါတွေက ရှေးရိုးအစဉ်အလာတွေအရပါ။ မိန်းကလေးနဲ့ ယောက်ျားလေး တန်းတူအခွင့်အရေး ရှိတယ်ဆိုတာတချို ့ကတော့ သိကောင်းသိမယ်။ ဒါပေမဲ့ အိမ်ထောင်သည် အမျိုးသမီးဆို ထမင်းချက်ရမယ်။ အဲ့ဒါ မိန်းကလေးအလုပ်ဆိုပြီး တစ်သမှတ်တည်း ယူဆခဲ့တာမျိုးတွေက လူ့အခွင့် အရေးနဲ့ကြည့်မယ်ဆိုရင် ယောက်ျားလေးမိန်းကလေး တန်းတူညီမျှခွင့်တော့မရှိသေးဘူးပေါ့။ နိုင်ငံရေးမှာ၊ လူမှုရေးမှာ၊ ဘာသာရေးမှာ ခွဲခြားဆက်ဆံမှုက ရှိနေတုန်းပါပဲ ။

   မေး -ချင်းဓလေ့ထုံးထမ်း ဥပဒေထဲက ဘယ်လိုအချက်တွေ ပြင်သင့်လဲ။

 ဖြေ -ချင်းဓလေ့ထုံးထမ်း ဥပဒေမှာပါတဲ့ တခြားအချက်တွေက လယ်ယာမြေဥပဒေနဲ့ဆိုင်တော့ ကျွန်မအနေနဲ့ မကျွမ်းကျင်တော့ ပြောရခက်တာပေါ့။ အမျိုးသမီးက အမွေဆက်ခံခွင့် မရှိဘူးဆိုတဲ့ ဥပဒေကိုတော့ လက်မခံချင်ဘူး၊ ပြင်စေချင်တယ်။ အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိမယ်။ ယောက်ျား လေးက မိဘကို ဒီတိုင်းပဲပစ်ထားတယ်။ သမီးမိန်းကလေးကကျတော့့ မိဘတွေကို ဂရုစိုက်တယ်။ အဲ့ဒီ လို အခြေအနေမှာ မိန်းကလေးကိုမပေးဘဲ ယောက်ျားလေးပဲပေးရင် တရားပါ့မလား။ ယောက်ျားလေး မှ အမွေရမယ်ဆိုတာ မဖြစ်သင့်ဘူး။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရှိရမယ်။ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အမွေရပိုင်ခွင့်ရှိတဲ့ အခြေအနေမျိုးကို ဖြစ်စေချင်ပါတယ်။

ချင်းဥပဒေမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိဖို့ကိုလည်း ပြဋ္ဌာန်းထားပါတယ်။ သီအိုရီအတိုင်း ရှိတာမျိုးမဟုတ်ဘဲ၊ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ကို ဆွဲခေါ်ဖို့လိုပါတယ်။ ဆွဲခေါ်ပြီးတော့ တွန်းအားပေးတာမျိုးတွေ ဖြစ်စေချင်ပါတယ်။ အမျိုးသမီးတွေဆိုရင် အိမ်မှုကိစ္စပဲ လုပ်ရမယ်ဆိုပြီးတော့ နိုင်ငံရေးမှာပါလာတဲ့ အမျိုးသမီးတွေကိုတော့ တကယ်အထူးအဆန်းလို ဖြစ်နေတာမျိုးတွေတော့ မဖြစ် သင့်ဘူး။ အမျိုးသမီးက နိုင်ငံရေးမှာ ပါဝင်တယ်ဆိုရင် သူ့ပတ်ဝန်းကျင်ကလည်း အားပေးကူညီဖို့ လိုပါ တယ်။ မိန်းကလေးအလုပ်လည်း မဟုတ်ဘဲနဲ့ သူလုပ်နေတယ်ဆိုပြီးတော့ ရှုတ်ချဝေဖန်တာမျိုးလည်း မဖြစ်စေချင်ဘူး။ ပါဝင်လာနိုင်အောင်လည်း တာဝန်ရှိတဲ့သူတွေကနေရာ ပေးဖို့လိုပါတယ်။

 မေး -ချင်းဓလေ့ထုံးတမ်း ဥပဒေအရ အမျိုးသမီးကအ မွေဆက်ခံခွင့်မရှိဘူးဆိုတော့  မိဘက ရော ကိုယ့်ကို အမွေပေးမယ်လို့ထင်လား။

  ဖြေ -ချင်းမှာလည်း အမျိုးမျိုးကွဲတယ် တချို ့လူမျိုးက အငယ်ဆုံးသားက ရတာမျိုး၊ အကြီးဆုံး သားက ရတာမျိုးဆိုပြီးတော့ မတူညီကြဘူး။ ကျွန်မမိဘကလည်း ချင်းလူမျိုးပဲ ဖြစ်တဲ့အခါကျတော့ ချင်းယဉ်ကျေးမှု အစဉ်အလာနဲ့ပဲသွားကြတာများတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကိုယ်တိုင် ယုံကြည်စိတ်ချမှု မရှိပါဘူး။

မေး -ချင်းအမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှုအကြောင်း နည်းနည်းပြောပြပေးပါ။

ဖြေ -အမျိုးသမီးတွေ ခံစားချက်နဲ့ပတ်သက်ပြီးထုတ်ဖော်ပေးမယ့်သူမရှိဘူး။ ချင်းအမျိုးသမီး တွေက နိုင်ငံရေးမှာပါဝင်မှုနည်းပါတယ်။ ဘာကြောင့် နည်းပါးလဲဆိုတော့ အကုန်လုံးနဲ့ဆိုင်သွားပြီ၊ နေရာမပေးတာရော၊ ခွဲခြားဆက်ဆံတာတွေကြောင့်ရော။ အမျိုးသမီးတွေ ကိုယ်တိုုင်က အိမ်တွင်းပုန်း လုပ်နေတာ။ ကိုယ်ကိုယ်တိုင်စူးစမ်းလေ့လာမှု မရှိဘဲနဲ့ ငါမဖြစ်လောက်ပါဘူးဆိုတဲ့ ယုံကြည်စိတ်ချမှု မရှိတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်ခြေမှာဖြစ်နေတဲ့ ခံစားချက်တွေကို ဖော်ထုတ် လို့မရဘူးပေါ့။ နိုင်ငံတော်အစိုးရကရော လူမှုအသိုင်းအဝိုင်းကရော အမျိုးသမီးတွေရဲ့ အရေးပါမှုကို နားလည်စေချင်တယ်။ မိသားစုမှာပဲဖြစ်ဖြစ် အပြင်လောကမှာပဲဖြစ်ဖြစ် အမျိုးသမီးဆိုပြီးနှိမ်တာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး မဟုတ်ဘဲနဲ့ သူ့ကိုနေရာပေးမယ်၊ သူ့ကိုအားပေးစေချင်တယ်။ အမျိုးသမီးတစ်ယောက်သာ နိုင်ငံရေးမှာပါခဲ့မယ်ဆိုရင် ငြိမ်းချမ်းမှုကိုလည်း ပိုရနိုင်မယ်လို့ထင်ပါတယ်။ အမျိုးသမီးတွေက စိတ်သဘောထားနူးညံ့တယ် ၊စေ့စေ့စပ်စပ်တွေးတတ်တဲ့ အလေ့ရှိတယ်။ အမျိုးသမီးကဏ္ဍကို နားလည်ပေးပြီးတော့ နေရာပေးဖို့၊ခံစားချက်ကို နားထောင်ပေးဖို့။ ချင်းသာမကဘူး အမျိုးသမီးတွေ ဘဝကဏ္ဍအရေးပါလာပြီး သူတို့ကိုယ်တိုင်လည်း ယုံကြည်မှုတွေရှိလာပြီးတော့မှ ဒီနိုင်ငံအတွက် ကောင်းတဲ့အကျိုးကိုလည်း ရစေမယ်။

မေး - ဒေသခံတောင်သူတွေ ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရလဲ။

   ဖြေ - မြေပြန့်မှာ အသုံးပြုနေတဲ့ စိုက်ပျိုးရေးစက်တွေကို အစိုးရအနေနဲ့ အားလုံးမပံ့ပိုးနိုင်ရင်တောင် အရစ်ကျရောင်းပေးသင့်ပါတယ်။ ပညာရှင်တွေခေါ်ပြီးစိုက်ပျိုးရေးသင်တန်းတွေ သေချာပို့ချ သင့်ပါတယ်။ မုန်ညင်းစိုက်တဲ့သူကလည်း အမြဲမုန်ညင်းပဲ စိုက်တယ်၊ ပြောင်းဖူးစိုက်တဲ့သူကလည်း ပြောင်းဖူးပဲစိုက်တတ်တယ်၊ ပြောင်းဖူးကနေ အားလူးပြောင်းစိုက်ရင် ဝင်ငွေ ပိုရနိုင်သလားဆိုပြီးတော့ လည်း သူတို့အနေနဲ့ မချိန်ဆတတ်ဘူး။ အစိုးရအနေနဲ့ ဟားခါးမြို့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံတွေ ရှိမလားဆိုတာကိုလည်း အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့   သေချာလေ့လာပြီး   ဒေသခံတွေ ဝင်ငွေတိုးတက်လာအောင် အလေးပေးဆောင်ရွက်စေချင်ပါတယ်။ တစ်ယောက်က စပျစ်စိုက်လို့ နောက်တစ်ယောက်က စပျစ်လိုက်စိုက်တာရှိတယ်၊ ဒါပေမဲ့ စျေးကွက်ရှာလို့မရတော့ ဗုံးပေါလအော ဖြစ်သွားတယ်။ အစိုးရအနေနဲ့ စျေးကွက်ကိုလည်း ရှာပေးစေချင်ပါတယ်၊ စျေးကွက်ရှိမှလည်း ဝင်ငွေ ရမှာလေ။ အခုဆိုရင် ချင်းပြည်နယ်မှာ ဝဥတွေကိုစိုက်ကြတယ်။ ဝဥက တရုတ်နိုင်ငံကို သွင်းရတာမျိုး ဆိုတော့ ဒီမှာသာစက်ရုံအလုပ်ရုံတွေ ကုန်ချောထုတ်နိုင်မယ့် အဆင့်မျိုးသာရှိမယ်ဆိုရင် တောင်သူ လယ်သမားတွေအတွက်သာမကဘူး၊ ချင်းပြည်နယ်အတွင်း နေထိုင်သူအားလုံးစီးပွားရေး၊ လူမှုရေး တိုးတက်မယ်လို့ ထင်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly