ကင်ဆာဖြစ်စေနိုင်တဲ့ Life Style တွေ ပြောင်းလဲပစ်ရမယ်

ကင်ဆာဖြစ်စေနိုင်တဲ့ Life Style တွေ ပြောင်းလဲပစ်ရမယ်

စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်နဲ့ တွေ့ဆုံခြင်း ဒုတိယပိုင်း

Mizzima TV ကိုကြည့်ရှု့အားပေးနေကြတဲ့ ပရိသတ်များအားလုံးပဲ မင်္ဂလာပါရှင်။ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်နဲ့ တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်တင်ဆက်ပေးချင်ပါတယ်။

မေး -  အစားအသောက်နဲ့ ပတ်သက်တဲ့အပိုင်းကို ဆက်သွားချင်ပါတယ်။ အများပြည်သူတွေ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲက ဘယ်အရာတွေက ဘယ်လောက်ထိ လူတွေကို ဘေးအန္တရာယ်ဖြစ်စေလဲဆိုတာကို ပြောပြပေးပါရှင့်။

ဖြေ - လောလောဆယ် စိုးရိမ်ရတဲ့ အနေအထားရောက်နေတာပေါ့။ လူတွေလည်း နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေပေါ့။ ဥပမာ- ပြည်သူလူထု နေ့စဉ်စားသုံးနေတဲ့ မုန့်ဖတ်တွေပေါ့၊ မုန့်ဟင်းခါးတွေဆိုရင် မလိုအပ်ဘဲနဲ့ သဘာဝအရောင်အတိုင်းရှိရမယ့်ဥစ္စာကို သူတို့က ဖွေးသွားအောင် မုန့်ဖတ်တွေကို ဟိုက်ဒရိုဆိုတာပေါ့ သူတို့အခေါ်ပေါ့ ဆရာတို့ကတော့ ဒီ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဖြစ်မယ်ထင်တယ်။ ဟိုက်ဒရိုဆိုတာ အနံ့ရှိတယ်။ အဲဒီကောင်နဲ့ ချွတ်ပလိုက်တာ။ ဒါကလည်း အန္တရာယ်ရှိတယ်ပေါ့နော်။ ကင်ဆာဖြစ်နိုင်တယ်ပေါ့နော်။ နောက်တစ်ခုက ဒီမုန့်ဖတ်တွေကို တာရှည်ခံအောင် ဒန်ဇိုင်းတို့ ဒီထက်ပိုဆိုးတာတော့ ဖော်မလင်လိုဟာမျိုးတွေကို မုန့်ဖတ်တွေ၊ ခေါက်ဆွဲဖတ်တွေမှာ အသုံးပြုတာရှိမယ်။ တစ်ခါ နေ့စဉ်စားသောက်နေတဲ့  အီကြာကွေးလိုဟာမျိုးမှာလည်း သာမန်ဆားလိုမျိုးဟာ ထည့်ရမယ့်နေရာမှာ အမိုးနီးယားလိုဟာမျိုးတွေကို အဲဒါတွေ ထည့်သုံးတာတွေရှိတယ်။ အဲဒါကြောင့် တချို့ အီကြာကွေးတွေ ပူပူနွေးနွေး ချိုးကြည့်တဲ့အခါမှာ သေးစော်နံနေတာ NH3 ပါလို့၊ အမိုးနီးယားပါလို့။ နောက်တစ်ခုက လ္ဘက်ရည်မှာလည်း လက်ဖက်ရည်အချိုခြောက်တွေမှာ အချိုခြောက်တိုင်းတော့မဟုတ်ဘူး။ လက်ဖက်က်ရည်တွေမှာ ပြန်ပြီးတော့ ဒီ အောရင့်တူးလိုဟာမျိုး ဆိုတာရှိတယ်။ တားမြစ်ဆိုးဆေးပေါ့။ အသည်းကင်ဆာတွေ၊ ကျောက်ကပ် ပျက်စီးတာတွေ ဖြစ်နိုင်တယ်။ လူတွေနေ့စဉ် ဒီ Breakfast စားသုံးတဲ့ ဒီ ခေါက်ဆွဲတွေမှာ ဖော်မလင် သုံးတယ်၊ ချက်နို့ဆီတွေမှာ ဖော်မလင် သုံးတယ်။ ပဲပြားတွေမှာ ဖော်မလင် သုံးတယ်။ အခုက အဲဒါတွေ တွေ့နေရတယ်။

မေး - ဟုတ်ကဲ့ပါရှင့်။ သာမန်လူတွေ အလွယ်တကူမသိနိုင်တဲ့ အန္တရာယ်ရှိတဲ့ အစားအစာတွေဆိုရင်ရော ဘာတွေ ဖြစ်နိုင်မလဲရှင့်။

ဖြေ - လူတွေ သတိမမူဘူးဆိုတဲ့ ကိစ္စမှာတော့ အဓိက ကတော့ ဆရာတို့ ခုနပြောတာကိုပဲ ပြန်ကောက်ရမှာ။ နေ့စဉ်စားတာတွေက အရေးကြီးတယ်။ နေ့စဉ်စားနေတာတွေက တခါတလေမှ စားတဲ့ သောက်တဲ့ ကိစ္စမျိုးပေါ့။ တခါတလေမှ သောက်တဲ့ အားဖြည့်အချိုရည်လိုဟာမျိုး ဆရာက ထည့်ပြီး မပြောတော့ဘူး။ နေ့စဉ်စားသောက်နေတဲ့ ကိစ္စတွေက အရေးကြီးတယ်။ ကိုယ် နေ့စဉ် ဘာစားလဲ။ မုန့်ဟင်းခါးစားတယ်  ၊ အသုပ်စားတယ်။ လက်ဖက်ရည်သောက်တယ်။ အီကြာကွေးစားတယ်။ အဲဒီတော့ အဲဒီအီကြာကွေးက ဘာနဲ့ကြော်လဲ။ ပြန်ကြော်ဆီနဲ့ ကြော်တယ်။ ကြော်တဲ့ ဆီတွေက မည်းနေတယ်။ စမူဆာတွေ ဘာနဲ့ကြော်လဲ။ ပလာတာတွေ ဘာနဲ့ကြော်လဲ။ ခုနက အင်ဂျင်ဝိုင်ရောင်၊ ကတ္တရာစေးရောင် ထနေတဲ့ ဆီတွေနဲ့ ကြော်တယ်။ နောက် ကျောင်းမုန့်စျေးတန်းတွေမှာ ရောင်းနေတဲ့ အာလူးကြော်တွေ ၊ ငါးမုန့်ကြော်တွေရဲ့ စက်ရုံတွေကို သွားစစ်တဲ့အခါ ကြော်တဲ့ဆီက ကတ္တရာစေးရောင်ပေါက်နေတယ်။ အကြိမ်ငါးဆယ်ထက်မနည်း ပြန်ကြော်ထားတယ်။ အဲဒီတော့ ဒီကျောင်းမုန့်စျေးတန်းတွေမှာ ရှိနေတဲ့ မုန့်တွေပေါ့ လေဖောင်းမုန့်တွေလို့ ပြောရင်လည်းရတယ်။ Snack တွေ၊ အကြော်တွေပေါ့၊ အာလူးကြော်တွေ ၊ ငါးမုန့်ကြော်တွေက ဒီလို ပြန်ကြော်ဆီနဲ့ ကြော်ထားတယ်ဆိုရင်တော့ လုံးဝမစားသုံးသင့်ဘူး။

မေး - အန္တရာယ်ရှိတဲ့ အစားအစာတွေကရော ပြည်တွင်းက ထုတ်တာလား။ ဒါမှမဟုတ် ပြည်ပက တင်သွင်းတာပါလား။

ဖြေ - ပိုပြီးများတာကတော့ ပြည်တွင်းက ထုတ်လုပ်တာလို့ပဲ ပြောရမှာပဲ။ သိတယ်မဟုတ်လား။ ကိုယ့်ပြည်သူကို ကိုယ်သတ်နေကြတာပေါ့။ ဒီ ဝိသမလောဘသားတွေရဲ့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်မဟုတ်ဘူး။ ခုနက ပြည်သူတွေကို သတ်မယ့် မီးဖိုချောင်လူသတ်သမားသည် ပြည်တွင်းမှာသာရှိသည် လို့တော့ပြောရမှာပဲ။ ပြည်ပက ဝင်တာတွေလည်း အန္တရာယ်ရှိပါတယ်။ သို့သော်လည်းပဲ ပြည်တွင်းက ထုတ်တာ ပိုများနေတယ်။ ဆရာတို့ အတွေ့အကြံုအရ ပြောရရင်။

မေး - ဟုတ်ကဲ့ရှင့်။ နောက်ထပ်သိချင်တာ တစ်ခုက ဒီတားမြစ်ထားတဲ့ အစားအစာတွေ ၊ ကုန်ပစ္စည်းတွေကိုလည်း စျေးကွက်ထဲမှာ ထုတ်လုပ်ခွင့်လိုင်စင်တွေ၊ ထောက်ခံချက်တွေနဲ့ တွေ့ရှိနေရပါတယ်။ ဒါကို စားသုံးသူတွေဘက်က ဘယ်လို စိတ်ချ ယုံကြည်မှုတွေနဲ့ ရွေးချယ်ဝယ်ယူသင့်ပါသလဲရှင့်။

ဖြေ - ဒီနေရာမှာတော့ ဒီ Reasonable ပေါ့။ ဆင်ခြင်တုံတရား လိုတာပေါ့နော်။ ခုနလိုမျိုး ထောက်ခံချက်တွေ ပါနေတိုင်းလည်း ထောက်ခံထားတဲ့ ပစ္စည်းတိုင်းလည်း စိတ်ချရတယ်လို့ မဆိုလိုဘူး။ ဥပမာ -FDA က ထောက်ခံထားတဲ့ ပစ္စည်းတွေရှိတယ်။ အစားအသောက်တွေ။ FDA က ထောက်ခံတိုင်းလည်း စားသုံးသင့်တယ်လို့ စားသုံးသူဘက်ကပြောရင်တော့ ဆရာတို့က မယူဆဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့က FDA က ထောက်ခံချက်ယူတဲ့အချိန်မှာ ပစ္စည်းရဲ့ ကွာလတီက တစ်မျိုး၊ စျေးကွက်မှာ ဖြန့်တော့ တစ်မျိုး ဖြစ်နေတယ်လေ။

မေး - ဟုတ်ကဲ့ရှင့်။ ပြည်သူလူထုအနေနဲ့ အန္တာရာယ်ရှိ အစားအသောက်တွေတင်မကဘူး။ ထုပ်ပိုးတာရော သယ်ယူတဲ့အချိန်မှာရော အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို အသုံးပြုမယ်ဆို ဘာတွေရှိမလဲ။ အဲဒါတွေလည်း ရှင်းပြပေးပါဦးရှင့်။

ဖြေ - အစားအသောက်ထုပ်ပိုးတာ ခုနလိုပေါ့။  ရေသန့်ဗူးတွေကို နေပူထဲထားတာ၊ အမိုးမပါဘဲ ကားနဲ့သယ်တာမျိုး ပလတ်စတစ်ကနေပြီးတော့ ပလတ်စတစ်ဆိုက်ဆာတွေ၊ စတိုင်းရင်းဓာတ်တွေ ဓာတ်ပြုပြီးတော့ ကင်ဆာဖြစ်စေနိုင်တာမျိုးတွေ ပလတ်စတစ်တွေ၊ ဖော့ဗူးတွေကနေပြီးတော့ ဒီဆီပါတဲ့၊ ပူတဲ့ အစားအသောက်တွေကို ထုပ်ပိုးတာတွေ ခုချိန်ထိ အများစုက လုပ်နေကြတုန်းပဲ။ အဲဒါတွေကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ Life Style တစ်ခုပဲ။ အဲဒီ လူနေမှုပုံစံတွေ၊ Life Style တွေ ပြောင်းလဲပစ်ရမယ်။

မေး - ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိတဲ့အစားအစာတွေ များလာတဲ့အတွက် သူတို့အနေနဲ့ ဘယ်လိုမျိုးတွေ ရွေးချယ်ဝယ်ယူစားသုံးသင့်တယ်ဆိုတာကိုလည်း အကြံပေးပါဦးရှင့်။

ဖြေ - ဆရာတို့ကတော့ သဘာဝစားသောက်ကုန်တွေကို ရွေးချယ်ဝယ်ယူ စားသောက်ကြဖို့ အကြံပေးချင်တယ်။ ဥပမာ-ဟင်းသီးဟင်းရွက်တွေဆိုလည်း သဘာဝအတိုင်း ပေါက်တာမျိုး၊ သဘာဝအတိုင်း အော်ဂဲနစ်နဲ့ စိုက်ပျိုးတာမျိုးတွေပေါ့။ ဥပမာ-ဖျော်ရည်ဆိုရင် ဒီ ရယ်ဒီမိတ်ဖျော်ရည်တွေ ၊ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်တွေကို စားမယ့်အစား သဘာဝသစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ် ကိုယ့်ဟာကိုယ် ပန်းသီးတို့၊ သဘောင်္သီးတို့ Blander ထဲကျိတ်ပြီး အိမ်မှာ ဖျော်သောက်တာမျိုး၊ ကိုယ့်ဟာကိုယ် မကျည်းဖျော်ရည် ၊ သံပုရာရည်ကို ကိုယ့်ဘာသာကိုယ် ဖျော်သောက်တာမျိုးပေါ့။ ခုနက ရယ်ဒီမိတ်တွေသည် လိမ္မော်ရည်ပေမယ့် လိမ္မော်သီး တစ်ဖတ်မှမပါဘဲနဲ့ လိမ္မော်အနံံ့ Orange Flavor နဲ့ အရောင် ကာလာဆိုးထားတယ်။ ဆေးသကြားသုံးထားတယ်။ ဆိုတော့ ဒါတွေဟာ အာဟာရမဖြစ်တဲ့ အပြင် ဆီးချိုရောဂါတွေ၊ ကျောက်ကပ်ပျက်ဆီးတာတွေ ၊ ကင်ဆာရောဂါတွေကို ဖြစ်စေနိုင်တယ်။

မေး - စားသုံးသူ ကာကွယ်ရေးအသင်းအနေနဲ့ရော ရောင်းချတဲ့သူတွေ ၊ လုပ်ငန်းရှင်တွေကို ဘာများပြောချင်ပါသလဲရှင့်။

ဖြေ - ဆရာတို့က ဟောပြောပွဲတွေမှာ စက်မှုဇုန်တွေ၊ ကုန်စည်ဒိုင်တွေ၊ လုပ်ငန်းရှင်တွေကို ပညာပေး ဟောပြောရတာတွေ ရှိပါတယ်။ အဲဒီမှာ ဆရာ အမြဲတမ်းသူတို့ကို ပြောတယ်။ ကိုယ်ထုတ်လုပ်တဲ့ စားသုံးကုန်ပစ္စည်းကို ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစု စားသုံးရဲမှ စားသုံးသူကို ဖြန့်ပါ။ ဆိုတော့ ဒါ ကိုယ်ချင်းစာတရားပေါ့နော်။ ဥပဒေတွေ၊ ဘာတွေကို ခဏထားလိုက်ဦး။ ဆရာအမြဲတမ်းပြောတယ်။ လူ့ကျင့်ဝတ်တစ်ခုကို လိုက်နာတယ်ဆိုရင်ပဲ လူ့ဘောင်က သာယာနေပြီပေါ့။

မေး - စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာမျိုးရှိရင်ပြောပေးပါဦးရှင့်။

ဖြေ - အဓိကကတော့ ထုတ်လုပ်သူတွေသည် အရေးယူတဲ့အဆင့်ထိမရောက်ဘဲ ခုနလို ကိုယ်ဖြန့်ဖြူးမယ့် စားသုံးသူကို ရောင်းချမယ့်ပစ္စည်းက ကိုယ်တိုင် စားရဲမှ ကိုယ့်မိသားစု စားရဲမှ ထုတ်ပါ၊ ဖြန့်ဖြူးပါ။ စားသုံးသူတွေအနေနဲ့ကလည်း Consumer Voice off ပေါ့။ ခုနလို ဆိုးဆေးပါရင် ဝယ်မစားနဲ့။

အင်တာဗျူးပထမပိုင်းအားအောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24105

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly