အရပ်သားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့သည်ဟု သတင်းထွက်ပေါ်မှုမှာ မဟုတ်မှန်ဟု စစ်ကိုင်းအမတ် တုံ့ပြန်

အရပ်သားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့သည်ဟု သတင်းထွက်ပေါ်မှုမှာ မဟုတ်မှန်ဟု စစ်ကိုင်းအမတ် တုံ့ပြန်

ရန်ကုန်၊ မတ် ၅ ။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် မတ်လ ၅ ရက်နေ့က ကားလမ်းရှင်းရာမှ အရပ်သားတစ်ဦးဖြစ်သည့် ဦးအောင်ကျော်စိုးကို စစ်ကိုင်းတိုင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က လက်သီးဖြင့်ထိုးခဲ့ကြောင်း သတင်းပျံ့နှံ့မှုကို ဦးကိုကိုနိုင်က ငြင်းဆိုလိုက်သည်။

ကလေးဝမြို့ချင်းတွင်းမြစ်ကမ်းမှ တစ်ဖက်ကမ်းသို့ကူးရန်အတွက် ဇက်ပေါ်သို့ ကားများတင်နေစဉ် ဦးအောင်စိုး၏ ကားမှာ အလှည့်မကျသေးဘဲ မောင်းထွက်လာသည့်အတွက် ၎င်းက ဆင်း၍တားရာ ဦးအောင်စိုးက ကားရပ်ပြီး ဆင်းလာချိန် ၎င်းအနေဖြင့် နောက်ဆုတ်ခဲ့ရာ နှစ်ယောက်သား ထပ်၍လဲသွားခြင်းသာဖြစ်ကြောင်း၊ လဲသွားသည့်အတွက် ၎င်း၏ မိတ်ဆွေများက လာရောက်ထူပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကိုကိုနိုင်က ဖြစ်စဉ်ကို ရှင်းပြသည်။

“နှစ်ယောက်ထပ်ပြီး လဲသွားတာပေါ့။ အဲ့ဒါလေးပါပဲ။ ကိုယ်တို့နှစ်ယောက်က လဲသွားတာကို ရန်ဖြစ်တယ်လို့ ထင်ရင်ထင်ကြမှာပေါ့လေ။  ပြဿနာကတော့ ကြီးကြီးမားမားကြီးမရှိပါဘူး။ ကားဆရာက စကားပြောဆိုတာ နည်းနည်းလေးတော့ မာတာပေါ့။ အကို့အနေနဲ့ကတော့ နည်းနည်းလေး ဒီကားဆရာကိုတော့ သက်ဆိုင်ရာကနေပြီးတော့မှ အရေးယူဆောင်ရွက်ပေးပါဦးဆိုပြီးတော့ ဒေသခံက ရဲတွေကိုတော့ ပြောထားခဲ့ပါတယ်”ဟု ဦးကိုကိုနိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်သီးဖြင့် အထိုးခံခဲ့ရသည်ဟုဆိုသည့် အသက် ၆၁ နှစ်အရွယ် ဦးအောင်ကျော်စိုးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသို့ နှစ်ယောက်သားထပ်၍ လဲသွားသည်မှာ မဟုတ်မှန်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်မှ လက်သီးဖြင့် စထိုးသည့်အတွက် သူက တစ်ချက်ပြန်ထိုးခဲ့ကြောင်း ပြန်လည် တုံ့ပြန်သည်။

“သူကျူးလွန်လား၊ မကျူးလွန်ဘူးဆိုလားဆိုတာက ဘေးမှာ သူ့ရဲ့ လူတွေလည်းရှိတယ်။ တခြားပါတီဝင်တွေ ရှိပါတယ်။ သူကားက အရင်တက်သွားတာ။ သူ့အရင်တက်တယ်ဆိုတော့ ကျွန်တော်ကားကို အရင်တက်မယ် မှတ်နေတာ။ နောက်ပြန်ဆုတ်တဲ့ ကားနဲ့ မလွတ်လို့ ကျွန်တော်ကစက်နှိုးပြီးတော့ ဘေးကပ်တာကို သူကကျွန်တော်ကို ဟေ့ကောင်ဆင်းခဲ့စမ်းဆိုပြီးတော့ ကျွန်တော်ကို သူပဲ စထိုးတာပါ။ သူပြောမှ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ သိတယ်။ သူစထိုးတော့ ကျွန်တော်လည်း သူ့ကို ပြန်ထိုးလိုက်တယ်။ သူ့ကို ပြန်ထိုးလိုက်တော့ သူကဘယ်လိုပြောလဲဆိုတော့ ငါပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကွ ဆိုပြီးတော့ သေစေနိုင်လောက်တဲ့ ခဲအချွန်နဲ့ ကျွန်တော်ကို ထုမလို့ရွယ်တဲ့ အချိန်မှာ ဘေးကလူတွေက ဆွဲကြတာ။ လဲတာတွေ မရှိပါဘူးဗျာ။ သူထိုးတာ မျက်မှန်လည်းကွဲသွားတယ်။ အကျႌလည်းစုတ်သွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူနဲ့ မျက်နှာချင်းဆိုင်ရှင်းလင်းပွဲလည်း လုပ်ရဲတယ်”ဟု ဦးအောင်ကျော်စိုးက ပြောသည်။

အဆိုပါ လက်သီးဖြင့်ထိုးသည့်ကိစ္စဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်ကို ကလေးဝမြို့မရဲစခန်းတွင် အမှုဖွင့်ရန်အစီအစဉ်ရှိကြောင်းလည်း ဦးအောင်ကျော်စိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required