မြန်မာသံအဆိုတော်တစ်ဦး၏ ဖျော်ဖြေပွဲတွင် မြန်မာပြည်သိန်းတန် ပါဝင်အားဖြည့်မည်

မြန်မာသံအဆိုတော်တစ်ဦး၏ ဖျော်ဖြေပွဲတွင် မြန်မာပြည်သိန်းတန် ပါဝင်အားဖြည့်မည်

ရန်ကုန်၊ မတ် ၄ ။                   ။ သရုပ်ဆောင်အဆိုတော် မိုးထက်မြင့်၏ ဒုတိယမြောက်တေးဂီတဖျော်ဖြေပွဲကို လာမည့် ၂၉ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာပြည်သိန်းတန်က  ပါဝင်အားဖြည့် သီဆိုသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဖျော်ဖြေပွဲကို "သီချင်းပွဲတော်"ဟုနာမည်ပေးထားသည်။

“အန်ကယ်နဲ့အမှတ်မထင်ပဲ ပွဲလေးတစ်ခုမှာဆုံကြတယ်။ ကျွန်တော်ကမိုးထက်မြင့်ပါ အန်ကယ်လို့ မိတ်ဆက်တဲ့အခါမှာ မြန်မာသံသီချင်းလေးတွေဆိုတဲ့အကြောင်းပြောပြတယ်။ ပွဲလုပ်ချင်တယ်ပြောတော့ သူလည်းတွဲလုပ်ပေးပါမယ်ဆိုပြီး ပြောလို့ ကျွန်တော်လည်း ဝမ်းသာသွားတယ်။ ပေးလာတဲ့အခွင့်အရေးလေးကို ကျွန်တော်လေးစားအားကျရတဲ့ မြန်မာသံလည်းဆိုတတ်တဲ့ အဆိုပညာရှင်ကြီးဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ စီစဉ်ဖြစ်ခြင်းဖြစ်ပါတယ်”ဟု သရုပ်ဆောင်အဆိုတော် မိုးထက်မြင့်က မဇ္ဈိမကို ပြောသည်။

ထိုပွဲအတွက် မြန်မာပြည်သိန်းတန်အနေဖြင့် သီချင်းစုစုပေါင်း အပုဒ် ၂၀ ကျော်ပြင်ဆင်ထားသည်ဟု သိရသည်။

မြန်မာပြည်သိန်းတန်က “သူရယ် အန်ကယ်ရယ်ပေါင်းစပ်ပြီးတော့မှ သီချင်းအစီအစဉ်လေးလုပ်ချင်ပါတယ်ဆိုပြီး ဆွေးနွေးလာတဲ့အခါကျတော့ အန်ကယ်တို့နှစ်ယောက်အနေနဲ့က လက်ခံပြီးတော့ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီပွဲလေးကို လှလှပပဝေဝေဆာဆာဖြစ်အောင် ကျွန်တော့်ရဲ့အချစ်ဆုံးတေးချစ်သူကနေပြီးတော့ စီစဉ်ပေးပါတယ်”ဟု ပြောသည်။

အဆိုပါဖျော်ဖြေပွဲတွင် မိုးထက်မြင့် မြန်မာပြည်သိန်းတန်တို့နှင့်အတူ မြန်မာသံအမျိုးသမီးတေးသံရှင် နှစ်ယောက်ဖြစ်သည့် စိုးစန္ဒာထွန်းနှင့် ဝင်းလဲ့ချယ်ရီတို့လည်း ပါဝင်မည်ဖြစ်သည်။ ယင်းပွဲကို လာမည့် မတ်လ ၂၉ရက်နေ့၌ မန္တလေးမြို့ မြို့တော်ခန်းမ (၁)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်တန်ဖိုးများကို သုံးသောင်း၊ နှစ်သောင်းနှင့် တစ်သောင်း သတ်မှတ်ထားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly