ယာဉ်နောက်လိုက်မပါဘဲ Cash Box စနစ်ဖြင့် YBS သုံးလိုင်းမြောက်ယာဉ်လိုင်း ပြေးဆွဲမည်

ယာဉ်နောက်လိုက်မပါဘဲ Cash Box စနစ်ဖြင့် YBS သုံးလိုင်းမြောက်ယာဉ်လိုင်း ပြေးဆွဲမည်

ရန်ကုန်၊ မတ်လ ၄ ။               ။ ယာဉ်နောက်လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box စနစ်ဖြင့်  YBS သုံးလိုင်းမြောက်ယာဉ်လိုင်းကို မတ်လ ၅ ရက်တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ အတွင်းရေးမှူး ဦးမောင်မောင်လွင်က မဇ္ဈိမသို့ မတ်လ ၄ ရက်တွင် ပြောသည်။

ယခင် မထသမှ ပိုင်ဆိုင်သော YUPT အများပိုင်ကုမ္ပဏီမှ သခင်မြပန်းခြံမှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ၅၈ ယာဉ်လိုင်းကို ယာဉ်အစီးရေ ၃၅ စီးဖြင့် ယာဉ်နောက် လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box စနစ်ဖြင့် မတ်လ ၅ ရက်တွင် သုံးလိုင်းမြောက် ယာဉ်လိုင်းအဖြစ် ပြေးဆွဲသွားမည်ဖြစ်သည်။

YUPT အများပိုင်ကုမ္ပဏီမှ Cash Box စနစ်ကို ရွှေပေါက္ကံမှ ဆူးလေသို့ ပြေးဆွဲနေသော ၃၆ ဝါစိမ်းနီယာဉ်လိုင်းဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲနေသော YBS ၂၈ ယာဉ်လိုင်းကို ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက စပယ်ယာနဲ့ဆိုရင် ရှာဖွေရငွေကို  သုံးပုံပုံရင် တစ်ပုံလောက်တော့ ပျောက်နေတာပေါ့။ ပျောက်တယ်ဆိုတာ ယူတာပေါ့ဗျာ။ အခု ကားတွေမှာ ယာဉ်နောက်လိုက်မပါဘဲ Cash Box ထဲငွေထည့်တဲ့ စနစ်နဲ့ ပြေးဆွဲတော့ ယာဉ်စီးခ ၉ဝ ရာခိုင်နှုန်းလောက်ထိ ရတာပေါ့ဗျာ။ ၁ဝ ရာခိုင်နှုန်းကတော့ ယာဉ်စီးခ မထည့်တဲ့ ခရီးသည်တွေရှိသေးတာပေါ့။ ရာနှုန်းပြည့်တော့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတွေက အမျိုး မျိုးရှိတယ်လေ”ဟု ဦးမောင်မောင်လွင်က ယာဉ်နောက်လိုက်မပါဘဲ  Cash Box စနစ်ဖြင့် ပြေးဆွဲနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။

အဆိုပါ  Cash Box စနစ်ဖြင့်ပြေးဆွဲသော ဘတ်စ်ကားများပေါ်တွင် ခရီးသည်များကို အကြွေလဲပေးရန် ကုမ္ပဏီဝန်ထမ်းတစ်ဦးစီကို တစ်ရာတန်နှင့် နှစ်ရာတန် အကြွေများ ကျပ်ငွေသုံးသောင်းစီပေးကာ ထားရှိထားကြောင်းသိရသည်။

အဆိုပါကုမ္ပဏီမှ ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ဘတ်စ်ကားများကို WiFi အခမဲ့စနစ် အပါအဝင် ဘတ်စ်ကားတစ်စီးလျှင် CCTV ကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS များကို အဆင့်မြှင့် တပ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် တပ်ဆင်ပြီးသည့် ယာဉ်လိုင်းများကို ယာဉ်နောက်လိုက်မပါဘဲ စတင်ပြေးဆွဲနေပြီဖြစ်သည်။

ယင်းကဲ့သို့ အဆင့်မြှင့် တပ်ဆင်ရာတွင် ဘတ်စ်ကားတစ်စီးကို ကျပ်ငွေ ၁၈ သိန်းခန့် ကုန်ကျပြီး Cash Box ၁ လုံးလျှင် ကျပ်ငွေ ၆ သိန်းဝန်းကျင် ကျသင့်ကာ လက်ရှိတွင် Cash Box အလုံး ၄ဝဝ ကို တရုတ်နိုင်ငံမှ မှာယူထားကြောင်း YUPT၏ ဒါရိုက်တာ ဦးကိုကိုနိုင်က ရှင်းပြသည်။

“နောက်ပိုင်း ကဒ်စနစ်နဲ့ လုပ်ဖို့ကတော့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ CCTV ငါးလုံးတပ်ကတည်းက ကဒ်စနစ်ပါ တစ်ခါ တည်း ပါပြီသား။ အစိုးရက လုပ်မယ့် စနစ်ကိုစောင့်နေရတာ။ အခုဆိုရင် ကားပေါ်မှာ စပယ်ယာ မထားတော့ဘူး။ စပယ်ယာမပါတဲ့ အတွက် ပြည်သူနဲ့ ရန်ဖြစ်တာတွေလည်း မရှိတော့ဘူးလေ။ ယာဉ်စီးခ ပိုတောင်းတာလဲ မရှိတော့ဘူး။ အဲ့ဒီတော့ ပြည်သူတွေကလည်း ဒီကားတွေမှာ မှန်မှန်ကန်ကန်နဲ့  ယာဉ်စီးခတွေ ထည့်စီးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

YUPT ကုမ္ပဏီမှ အများပိုင်ယာဉ်လိုင်းစနစ်တွင်ပြေးဆွဲရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံမှ ဘတ်စ်ကား စီးရေ ၄၂ဝ မှာယူတင်သွင်းထားပြီး လက်ရှိတွင် ဘတ်စ်ကားစီးရေ ၂၂၅ စီးရောက်ရှိပြီဖြစ်ကာ အဆင့်မြှင့် တပ်ဆင်မှုများ လုပ်ဆောင်နေကြောင်း YUPT ကုမ္ပဏီမှ သိရသည်။

YUPT(ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး)ကုမ္ပဏီမှာ ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက် သော YBS စနစ်တွင် မထသမှ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly