အကြမ်းဖက်မှုကို ဂျာမနီတို့ အားပေးအားမြှောက်ပြုနေသည်ဟု တူရကီ စွပ်စွဲ

အကြမ်းဖက်မှုကို ဂျာမနီတို့ အားပေးအားမြှောက်ပြုနေသည်ဟု တူရကီ စွပ်စွဲ

မတ် ၄ ။            ။ အကြမ်းဖက်မှုကို ဂျာမနီတို့အနေဖြင့် လက်ခံအားပေးနေလျက်ရှိကြောင်း တူရကီ သမ္မတ ရီဆပ် တေယစ်ပ် အာဒိုဂန်က မတ်လ ၃ ရက်တွင် ထုတ်ဖော်စွပ်စွဲပြောကြားလိုက်သည်။

တူရကီတို့၏ ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်မှုတစ်ခုအတွက် လူထုထောက်ခံပွဲများ ဂျာမနီမြို့များတွင် ကျင်းပမည့်အစီအစဉ်ကို ဂျာမနီအာဏာပိုင်တို့က တားမြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ သမ္မတ အာဒိုဂန်က စွပ်စွဲသွားခြင်း ဖြစ်သည်။

တူရကီသမ္မတ အာဒိုဂန်၏ လုပ်ပိုင်ခွင့်အာဏာများကို တိုးပွားသွားစေနိုင်သည့် ဖွဲ့စည်းပုံပြင်ဆင်မှုဆိုင်ရာ လူထုထောက်ခံပွဲများ ဂျာမနီမြို့တစ်ခုဖြစ်သော Gaggenau တွင် ကျင်းပရန် စီစဉ်ထားခဲ့ရာ ခွင့်ပြုချက် မရရှိခဲ့သည့်အပေါ် တူရကီတို့ဘက်မှ ပြင်းထန်စွာ ဝေဖန်ပြစ်တင်နေခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဂျာမနီရောက် တူရကီနိုင်ငံသားများ၏ ထောက်ခံချက်ကို အဆိုပါလူထုစည်းဝေးပွဲများမှတဆင့် ရယူရန် တူရကီတို့ဘက်က စီစဉ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

တစ်ဘက်တွင်လည်း ဂျာမနီဝန်ကြီးချုပ် မာကယ်လ်ကလည်း တူရကီတို့၏ စွပ်စွဲချက်များကို ပယ်ချသွားခဲ့ပြီး သတင်းစာ လွတ်လပ်ခွင့်နှင့်ပတ်သက်၍ တူရကီတို့အပေါ် ဝေဖန်ခွင့် မိမိတို့တွင် ရှိကြောင်း ပြောဆိုသွားခဲ့သည်။

ယခု လုပ်ဆောင်ချက်မှာ သက်ဆိုင်ရာမြို့များမှ အုပ်ချုပ်သူအဖွဲ့အစည်းများ၊ ဒေသခံများ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လိုက်နာရမည်ပင် ဖြစ်ကြောင်း မာကယ်လ်က ပြန်လည်ချေပပြောဆိုသွားသည်။

ယခုအခါ ဂျာမနီသတင်းစာ Die Welt အတွက် လုပ်ကိုင်ပေးနေသော သတင်းသမားတစ်ဦးကိုလည်း တူရကီတို့က ဖမ်းဆီးထားလိုက်ပြီး ၎င်းမှာ စပိုင်တစ်ဦးဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာစေခဲ့ပြီဖြစ်သည်။

" ဂျာမနီတို့အနေနဲ့ အကြမ်းဖက်မှုကို အားပေးနေသလား မနေဘူးလားဆိုတာ အစစ်ဆေးခံသင့်ပါတယ်" ဟု အာဒိုဂန်က ပြောသည်။ တစ်ဆက်တည်းမှာပင် ဂျာမနီအာဏာပိုင်တို့အနေဖြင့် ကာ့ဒ်ခေါင်းဆောင်များကို ယင်းတို့၏ နိုင်ငံတွင်း ပြောဆိုခွင့်ပြုထားသော်လည်း မိမိတို့ တူရကီ အသိုင်းအဝိုင်း၏ စုဝေးပြောဆိုခွင့်ကိုမူ ခွင့်မပြုပေးခဲ့သည့်အပေါ် အာဒိုဂန်က ပြင်းထန်စွာ   ဝေဖန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required