မန်းသင်္ကြန်ကို နိုင်ငံခြားသားဆွဲဆောင်နိုင်ရန် အာဇာနည်လမ်းပေါ် လမ်းလျှောက်သင်္ကြန် (ယဉ်ကျေးမှုသင်္ကြန်)လုပ်မည်

မန်းသင်္ကြန်ကို နိုင်ငံခြားသားဆွဲဆောင်နိုင်ရန် အာဇာနည်လမ်းပေါ် လမ်းလျှောက်သင်္ကြန် (ယဉ်ကျေးမှုသင်္ကြန်)လုပ်မည်
၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသည့် မြန်မာအတာတန်ခူးလ ရေကစားပွဲတော်အားတွေ့မြင်ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

မန္တလေး၊ မတ် ၃ ။                ။ မန္တလေး ယဉ်ကျေးမှုသြင်္ကန်သို့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်စေရန်အတွက် နိုင်ငံခြားသားခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆပ်ကော်မတီဖွဲ့စည်း၍ လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးကျော်ရင်မြင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့နိုင်ငံခြားသားများ စိတ်ဝင်စားစွာလာရောက်လည်ပတ်စေရန်အတွက် ကျုံးတောင်ဘက်ခြမ်း ၂၆ -Bလမ်း(အာဇာနည်လမ်း)ကို ယာဉ်ဝင်ခွင့်မပြုဘဲ ရိုးရာယဉ်ကျေးမှုသြင်္ကန်အဖြစ်   ဖော်ဆောင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။

"မန္တလေးသြင်္ကန်နဲ့ ပတ်သက်ပြီးလို့ ထူးခြားမှာ တစ်ခုကတော့ ၂၆ Bလမ်း(အာဇာနည်လမ်း)ပေါ်မှာ ယာဉ်မဝင်ဘဲနဲ့ လမ်းလျှောက်တဲ့ သြင်္ကန်ပေါ့။ ယဉ်ကျေးမှုသြင်္ကန် တစ်ခုလုပ်ပါမယ်။ အဲဒီသြင်္ကန်မှာ ထပ်ပြီးတော့ ထူးခြားတာကတော့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကို မန္တလေးသြင်္ကန်က ဆွဲဆောင်မယ့် အစီအစဉ်လေးတစ်ခုရှိပါမယ်။"ဟု ဦးကျော်ရင်မြင့်ကပြောသည်။

ထိုသို့လုပ်ဆောင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် တိုင်ပင်ညှိနှိုင်း၍ သြင်္ကန်ကျင်းပနိုင်ရန် နိုင်ငံခြားသားခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆပ်ကော်မတီ ဖွဲ့စည်းသွားမည်ဖြစ်သည်။

ဦးကျော်ရင်မြင့်က "ဖွဲ့ပြီးတော့ မန္တ္တလေးသြင်္ကန်မှာ လာလည်ချင်တဲ့ ဧည့်သည်တွေအတွက် စီစဉ်ပြီးတော့ ရောင်းချမယ်။ ဝန်ဆောင်မှုတွေပေးမယ်။ ကျွန်တော်တို့ဘက်ကလည်း ဧည့်သည်တွေလာလို့ရှိရင် မန္တလေးယဉ်ကျေးမှုသြင်္ကန်ကို ကြည့်ရှု့နိုင်အောင် မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်နိုင်အောင် မြန်မာ့ရိုးရာ အစားအစာတွေ မြည်းစမ်းနိုင်အောင် အမှတ်တရပစ္စည်းတွေ ဝယ်ယူချင်တယ်ဆိုရင် ဝယ်ယူနိုင်အောင် စီစဉ်ပေးမယ့် ကိစ္စလေးတစ်ခုကို စီစဉ်နေပါတယ်။"ဟု ပြောသည်။

ဆက်လက်၍ ဦးကျော်ရင်မြင့်က "ချင်းမိုင် သြင်္ကန်ဆိုလို့ရှိရင်လည်း ထိုင်းသြင်္ကန်မှာဆိုလို့ရှိရင် နိုင်ငံခြားသားတွေ အများကြီး သူတို့ကိုယ်တိုင်ပါဝင်ဆင်နွှဲတယ်။ လေ့လာတယ်ပေါ့။ မြန်မာ့ရိုးရာ သြင်္ကန်ဆိုလို့ရှိရင်လည်း သူတို့သိတယ်။ ခရီးသွားလုပ်ငန်းတွေက သူတို့ကို ဆက်သွယ်ပြီးတော့ ဒါမျိုးရှိတယ်။ အသိပေးတယ်။ ကြော်ငြာပေးမယ်ဆိုရင် လာကြမှာပါ။ အထူးဆွဲဆောင်စရာမလိုပါဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှုသြင်္ကန်ဒီလိုလုပ်တာသိရင် လာမှာပါ။ အဲလိုသိအောင် ခရီးသွားလုပ်ငန်းတွေက ဆောင်ရွက်ကြမှာပါ။"ဟုပြောသည်။

မန္တလေးယဉ်ကျေးမှုသြင်္ကန်အစည်းအဝေးကို ယနေ့ (မတ်လ ၃ရက်) မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၌ ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required