၈၈မျိုးဆက်​​ခေါင်​း​ဆောင်​ ဦးကိုကိုကြီး အပါအဝင်​ နိုင်​ကျဉ်​း​ဟောင်​းများပါသည်​့ နိုင်​ငံ​ရေးပါတီသစ်​ ထူ​ထောင်​ရန်​ ပြင်​ဆင်​

၈၈မျိုးဆက်​​ခေါင်​း​ဆောင်​ ဦးကိုကိုကြီး အပါအဝင်​ နိုင်​ကျဉ်​း​ဟောင်​းများပါသည်​့ နိုင်​ငံ​ရေးပါတီသစ်​ ထူ​ထောင်​ရန်​ ပြင်​ဆင်​
ဓာတ်ပုံ- စိုးသူရ

မတ်လ ၂ ။              ။ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ကိုကိုကြီး ၊ သက်ထွန်း၊ မင်းဇေယျာတို့ ဦးဆောင်ပြုလုပ်သော နိုင်ငံရေးပါတီတစ်ခု ပေါ်ထွက်လာရေး တွေ့ဆုံဆွေးနွေးသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ယနေ့ ပြုလုပ်ခဲ့ပြီး ပါတီတစ်ရပ်ထူထောင်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ပြောခဲ့သည်။

ယနေ့ မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ဖွဲ့စည်းမည့်ပါတီသည် မိမိတို့၏ ရပ်တည်ချက် မူဝါဒများနှင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး NLD အစိုးရ၏ အတိုက်အခံပါတီအနေဖြင့် ပြုလုပ်သွားမည် မဟုတ်ကြောင်း ပါတီဖွဲ့စည်းရာတွင် ပါဝင်သည့်  ဦးကိုကိုကြီးက ပြောသည်။

"ပါတီထောင်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဆွေးနွေးချက်ဟာ ကျွန်တော်တို့ ဟိုးအရင်ကတည်းက ရှိပါတယ်။ သို့သော် အခုလိုမျိုး လူထုက အများစုကို ရွေးကောက်တင်မြှောက်နိုင်တဲ့ အခြေအနေ ရောက်တဲ့အထိ ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေချည်းပဲ ထွက်ဖို့ ကြိုးစားခဲ့တာ။ အဲ့ဒီအဆင့်ကို ရောက်ခဲ့ပြီးပြီ။ နောက်တစ်ဆင့်တက်ဖို့ အတွက်ကိုတော့ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ အတွေ့အကြုံ ၊ ကျွန်တော်တို့ ဖြတ်သန်းမှု ၊ လေ့လာဆည်းပူးမှုတွေကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့အတွက် ဒီအချိန်မှာတော့ ပါတီထောင်ဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

ပါတီကို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ဖွဲ့စည်းမည်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ စုပေါင်းဖွဲ့စည်းသွားမည် ဖြစ်ပြီး လက်ရှိတွင် ပါတီသည် မဖွဲ့စည်းရသေးသလို နာမည် နှင့် မူဝါဒများကိုလည်း အတည်မပြုရသေးဘဲ ဖွဲ့စည်းပြီးပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ပါတီထူထောင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲကို UMFCCI ခန်းမတွင် မတ်လ ၃၀ရက် နှင့် ၃၁ရက် များတွင် ကျင်းပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်အပေါ်မူတည်၍ ပါတီဖွဲ့စည်းရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required