ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ရှိတဲ့နေရာက အိမ်လို့ သတ်မှတ်နိုင်တယ်

ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ရှိတဲ့နေရာက အိမ်လို့ သတ်မှတ်နိုင်တယ်

အကယ်ဒမီ ဓိရာမိုရ်

ဂီတလောကထဲမှာ နှစ် (၂၀)ကျော်ကြာ ရပ်တည်ခဲ့တဲ့သူ၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အံ့သြဖွယ်ကောင်းတဲ့ ဂီတဖန်တီးမှုတွေကို ချပြခဲ့တဲ့သူ၊ သူကတော့ ဂီတပညာရှင် အကယ်ဒမီ ဓိရာမိုရ်ပါ။ ဘာကြောင့်များ ဂီတပေါင်းစပ်မှုတွေကို သူဖန်တီးနေရတာလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ဆရာဓိရာမိုရ်နဲ့ တွေ့ဆုံဖို့အတွက် ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့ လက်ထဲမှာတော့  YOPE မေးခွန်းငါးခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

YOPE_ ဆရာရေ မင်္ဂလာပါရှင့်။ အခုလို YOPE အစီအစဉ်မှာတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင့်။

ဓိရာမိုရ် _ ဝမ်းသာပါတယ်။

YOPE_ သမီးတို့အစီအစဉ်ကနေ မေးခွန်းငါးခုမေးတဲ့ အစီအစဉ်ပါ။ ပထမမေးခွန်းပါ ဆရာ။ Orchestra ဂီတက မြန်မာပြည်ကလူတွေနဲ့ စိမ်းခဲ့ကြတယ်ပေါ့နော်။ အဲ့ဒီလိုအခြေအနေမျိုးကို ဆရာအနေနဲ့ ဖြတ်ကျော်ရတဲ့ အခါမျိုးမှာ အခက်အခဲဆုံး စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ ဆရာ။

ဓိရာမိုရ် _ အဓိကတော့ ဒီဂီတကို ရှင်သန်လို့ရတဲ့နေရာကို Environment ကို တည်ဆောက်ရတာပေါ့နော်။  ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်မှာ Orchestra  ဂီတနဲ့ ပတ်သတ်ပြီးတော့ ရှင်သန်လို့ရတဲ့ Environment က မရှိခဲ့ဘူးလို့ ပြောရမှာပေ့ါနော်။ ဘာဖြစ်လို့လည်းဆိုတော့ Orchestra တွေ အကြိမ်ကြိမ် သိတယ်မလား။ ဟိုးအရင် အစိုးရတွေ လက်ထက်တုန်းကလည်း လုပ်ခဲ့တယ်။ အခုနောက်ပိုင်းကတော့ နည်းနည်းလေး ပိုပြီးတော့ ဖွံ့ဖြိုးလာတယ်ပေါ့နော်။ အောဂတ်စတာနဲ့ ပတ်သတ်ရင် လူက နည်းနည်းတော့ စိတ်ဝင်စားတယ်။ ထွက်တဲ့အသံကိုလည်း ကြိုက်လာကြတယ်ပေါ့နော်။ အဓိကကတော့ အဲ့ဒီ Environment ( ပတ်ဝန်းကျင်)က နည်းနေသေးတယ်။ အဲ့ဒီနည်းနေသေးတာကို အများကြီးဖြစ်လာဖို့ လိုတယ်။ အဲ့ဒီလိုများလာမှပဲ ဒီဂီတ ပိုပြီးတော့ ရှင်သန်လာမှာပေါ့။

YOPE_ ခိုလှုံစရာရှိတဲ့ မိသားစုအိမ်က လူတစ်ယောက်အတွက်ပေါ့နော် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိမလဲ ဆရာ။

ဓိရာမိုရ် _ အိမ်ဆိုတာကတော့ သူက ရုပ်ဝတ္တုပစ္စည်းပေါ့ ပြောရမယ်ဆိုရင်တော့။ ရုပ်ဝတ္တုပစ္စည်းထက်ကိုလေ လူဆိုတာ ကိုယ့်ဘာသာကိုယ် ပိုပြီးတော့ Comfortable ( သက်တောင့်သက်သာ) ဖြစ်တဲ့နေရာမျိုး။ ကိုယ့်ဘဝက ပိုပြီး အဓိပ္ပါယ်ရှိတဲ့နေရာမျိုးက  ဒါကတော့ အကောင်းဆုံးပါပဲ။ အဲ့ဒီလိုနေရာမျိုးကိုလည်း တကယ်တော့ အိမ်လို့ သတ်မှတ်လို့ ရပါတယ်။

YOPE_  ကျောက်သင်ပုန်းတွေ မိုးထားတဲ့ အိမ်ကနေ ဆရာက ကမ္ဘာ့ရွာကြီးကို အလည်အပတ်ထွက်နေတဲ့သူဆိုတော့  အဲ့ဒီအလည်အပတ် ထွက်နေတဲ့အခါမှာ ဆရာ ဘာကြောင့်များ ဂီတကို စီးယာဉ်အဖြစ်နဲ့ အသုံးပြုပြီး ထွက်တယ်ဆိုတာလေး ပြောပြပေးပါဦး။

ဓိရာမိုရ် _  အဲ့ဒါကတော့ မွေးရာပါ ဖြစ်မှာပေါ့နော်။ ငယ်ငယ်မွေးလာကတည်းက ဒီဂီတကို ရင်းနှီးတယ်။ အစ်ကိုတွေကလည်း မိသားစုကလည်း သိတယ်။ ဒီဂီတနဲ့ ပတ်သက်ပြီး သူတို့က  အမြဲတမ်း တစ်ဖက်တစ်လမ်းနဲ့ပေါ့။ မသိမသာနဲ့ပေါ့ ။ သူတို့သိသလိုပေါ့ ၊ ဒီလိုပဲ အကူအညီပေးနေခဲ့တယ်ပေါ့။ နောက်ပြီးတော့ ကြီးလာတော့လည်း ဒါ ဂီတပဲ လုပ်တော့မယ်ဆိုပြီးတော့ ဂီတလမ်းကြောင်းထဲ ဝင်တယ်။ ပထမတုန်းကတော့ အပျော်တမ်းပေါ့နော်။ နောက်ပိုင်းကျမှ ဒါ Professional ဖြစ်လာတာပေါ့နော်။

YOPE_  ယဉ်ကျေးမှု တက္ကသိုလ်နဲ့ပေါ့နော်။ ဒီအောင်ဇေယျလမ်းတွေကို အရည်ကြိုသောက်ပြီး ညတွေကို ဖြတ်သန်းခဲ့ရတဲ့ လူငယ်လေး ဓိရာမိုရ်တစ်ယောက်ရဲ့ ဘဝမှာ တန်ဖိုးအထားရဆုံးအရာက ဘာများဖြစ်မလဲ ဆရာ။

ဓိရာမိုရ် _  တန်ဖိုးထားတဲ့ဟာကတော့ ဂီတပေါ့နော်။ ဂီတကတော့ တန်ဖိုးထားသင့်တာပေါ့။ ကိုယ်လည်းကြိုက်တယ် တကယ်လည်း အကျိုးရှိတယ်ပေါ့နော်။

YOPE_ ဗီသိုဗင်လို ဂီတဂုရုကြီးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် နောင်လာနောင်သားတွေအတွက် ဆရာက ဒီဂီတကို ပေးချင်တဲ့ ဂီတအမွေက ဘာများဖြစ်မလဲ ဆရာ။

ဓိရာမိုရ် _    ဂီတသမားတစ်ယောက်အနေနဲ့ ဘာလုပ်ချင်လည်းဆိုတော့ တန်ဖိုးရှိတယ်၊ ဂီတဆိုတာ တန်ဖိုးရှိတယ်။ ကိုယ်တန်ဖိုးထားသလို သူများတန်ဖိုးထားနိုင်အောင်ပေါ့။ နောက်ပြီးတော့ ကိုယ့်မတိုင်ခင်ကတည်းက ရှိနေတဲ့ တန်ဖိုးရှိနေတဲ့ဟာတွေကို ကူးစက်စေချင်တယ်ပေါ့နော်။ တကယ့်ကို ကိုယ်လုပ်သမျှဟာတွေက အကျိုးရှိပြီးတော့ နောင်လာနောင်သားတွေအတွက် သိတယ်မလား။ အဲ့ဒီလို တွေးစရာ၊ မြင်စရာ စဉ်းစားစရာ တန်ဖိုးထားစရာ အဲ့ဒီလို လက်ဆင့်ကမ်းအမွေကို ပေးနိုင်တဲ့သူမျိုးတော့ ဖြစ်ချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required