မြောက်ကိုရီးယားနှင့် ဗီဇာကင်းလွတ်ခွင့် မလေးရှားက ပယ်ဖျက်

မြောက်ကိုရီးယားနှင့် ဗီဇာကင်းလွတ်ခွင့် မလေးရှားက ပယ်ဖျက်

ကွာလာလမ်ပူ၊ မတ် ၂ ။           ။ ကွာလာလမ်ပူလေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကို ကင်ဂျုံးနမ် လုပ်ကြံခံရပြီးနောက်မှာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးအချေအတင်ဖြစ်နေတာကြောင့် မလေးရှားအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံသားတွေကို ယာယီဗီဇာကင်းလွတ်ခွင့် သဘောတူထားတာကို ပယ်ဖျက်သွားမယ်လို့ မတ် ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

မလေးရှားဒုတိယဝန်ကြီးချုပ် အာမတ်ဇာဟစ်ဟာမီဒီက အမျိုးသားလုံခြုံရေးလုပ်ငန်းစဉ်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်ရာမှာ မတ် ၆ ရက်ကစလို့ နောက်ပိုင်း ဗီဇာလိုအပ်တော့မှာဖြစ်တယ်လို့ ပြောခဲ့ကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြပါတယ်။

ကွာလာလမ်ပူလေဆိပ် ထွက်ခွာတာမီနယ်မှာ ကင်ဂျုံးနမ် ဓာတုအဆိပ်နဲ့ လုပ်ကြံခံရပြီး သီတင်းသုံးပတ်အတောအတွင်း မလေးရှားနိုင်ငံက ခုလိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

မတ် ၁ ရက်မှာတော့ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ အမျိုးသမီးနှစ်ဦးကို မလေးရှားနိုင်ငံက တရားရုံးတင်စစ်ဆေးခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရအခိုင်အမာပြောဆိုနေတဲ့ ခုလုပ်ကြံမှုဟာ
ကင်ဂျုံးအွန်အစိုးရရဲ့ လက်ချက်ဖြစ်တယ်ဆိုခြင်းအပေါ် မလေးရှားနိုင်ငံက ဆက်လက်စုံစမ်းနေဆဲလည်းဖြစ်ပါတယ်။

ကင်ဂျုံးနမ်ဟာ လေဆိပ်မှာ အင်ဒိုနီးရှား အမျိုးသမီး ဆစ်တီအစ်ရှာနဲ့ ဗီယက်နမ်နိုင်ငံသူ ဒေါင်သီဟူအောင်တို့က ချဉ်းကပ်လာပြီး မျက်နှာကို VX ဓာတုအဆိပ်နဲ့ ပက်ဖျန်းခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ဦးကို အခင်းဖြစ်တဲ့နေ့က မြောက်ကိုရီးယားသို့ ထွက်ပြေးသွားတဲ့ မြောက်ကိုရီးယားနိုင်ငံသား လေးဦးက ခိုင်းစေခဲ့ခြင်းဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က   ကောက်ချက်ချထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required