ပြင်သစ်သမ္မတလောင်းကို ပြည်သူပိုင်ငွေကြေးအလွဲသုံးစားမှုဖြင့် တရားရုံးက သမ္မန်ဆင့်ခေါ်သော်လည်း ရွေးကောက်ပွဲက နုတ်ထွက်ဖို့ မရှိ

ပြင်သစ်သမ္မတလောင်းကို ပြည်သူပိုင်ငွေကြေးအလွဲသုံးစားမှုဖြင့် တရားရုံးက သမ္မန်ဆင့်ခေါ်သော်လည်း ရွေးကောက်ပွဲက နုတ်ထွက်ဖို့ မရှိ

ပါရီ၊ မတ် ၂ ။            ။ ပြင်သစ်လက်ယာယိမ်းသမ္မတလောင်းက ၎င်းကို တရားရုံးက ပြည်သူပိုင်ငွေကြေးအလွဲသုံးစားမှုနဲ့ စုံစမ်းစစ်ဆေးရန် ဆင့်ခေါ်ထားကြောင်း မတ် ၁ ရက်နေ့က ကြေညာပေမယ့် ၎င်းအနေနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်မှုက နုတ်ထွက်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ပါရီက မဲဆွယ်စည်းရုံးရေးရုံးချုပ်မှာ ပြောဆိုရာ ဖရန့်ဆွာဖီလွန်က တရားရုံးက မတ် ၁၅ ရက်မှာ ကြားနာစစ်ဆေးရန် ဆင့်ခေါ်ထားပေမယ့် ရွေးကောက်ပွဲက ထွက်ခွာဖို့ မရှိကြောင်း ဆိုပါတယ်။

“ကျွန်တော် လမ်းကြောင်းပြောင်းမှာမဟုတ်၊ အရှုံးပေးမှာမဟုတ်၊ နုတ်ထွက်သွားမှာမဟုတ်ဘူး။”လို့ ဖီလွန်ကပြောပါတယ်။

Les Republicains ပါတီက သမ္မတလောင်း ဖီလွန်ဟာ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန်ငြင်းဆန်ပြီး လွှတ်တော်အမတ်တစ်ဦးအနေနဲ့ တရားရုံးကို သွားဖို့ရန် ငြင်းဆန်နိုင်ခွင့်ရှိပေမယ့် ၎င်းမှာ နာမည်ပျက်မရှိကြောင်း ရှင်းရှင်းလင်းလင်းဖြစ်ရန် စစ်ဆေးမှုကို တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စုံစမ်းစစ်ဆေးမှုက သူ့ရဲ့ နိုင်ငံရေးပုံရိပ်ကို လုပ်ကြံရုံသာမက သူ့အားထောက်ခံသူ လေးသန်းရဲ့ မဲများ ကွဲသွားအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှုတ်ချပြောဆိုပါတယ်။

ဖီလွန်ဟာ ပြည်သူပိုင်ငွေကြေးအလွဲသုံးစားလုပ်တယ်လို့ ဇန်နဝါရီလအတွင်းက သရော်စာမဂ္ဂဇင်း Le Canard Enchaine က စွပ်စွဲထားပြီး ၎င်းရဲ့ ဇနီးကလည်း အမှန်တကယ်လုပ်ဆောင်ခြင်း မရှိတဲ့ အလုပ်အကိုင်အတွက် ယူရိုငွေကြေး ငါးသိန်းရယူထားကြောင်း စွပ်စွဲထားပါတယ်။

ပြင်သစ်မှာ သမ္မတရွေးကောက်ပွဲ ပထမအသုတ်မဲပေးမှုကို ဧပြီ ၂၃ ရက်မှာ စတင်မှာဖြစ်ပြီး ဒုတိယအသုတ်မဲပေးမှုက မေ ၇ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required