လယ်သမားတွေကို အစိုးရအဆက်ဆက်က ဦးစားပေးတယ်ပြောခဲ့တာပေါ့

လယ်သမားတွေကို အစိုးရအဆက်ဆက်က ဦးစားပေးတယ်ပြောခဲ့တာပေါ့

တောင်သူလယ်သမားနေ့နဲ့ ပတ်သက်ပြီး ဒေါက်တာ စိုးထွန်း( မြန်မာနိုင်ငံ ဆန်စပါးအသင်းဥက္ကဋ္ဌ)ကို မဇ္ဈိမက မေးမြန်းထားပါတယ်။ တောင်သူတွေရဲ့ဘဝ ရုန်းကန်ရတဲ့အခြေအနေ၊   ဈေးကွက်အနေအထား၊ ဆောင်ရွက်ပေးသင့်တာကို သုံးသပ်ထားပါတယ်။

ဒေါက်တာ စိုးထွန်း( မြန်မာနိုင်ငံ ဆန်စပါးအသင်းဥက္ကဋ္ဌ)

မေး။    ။ တောင်သူလယ်သမားနေ့နဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။    ။ လယ်သမားတွေကို အစိုးရအဆက်ဆက်က ဦးစားပေးတယ်ပြောခဲ့တာပေါ့နော်။ မဆလခေတ်ကဆို အလံမှာတောင် စပါးနှံပုံ ပါသေးတာပေါ့နော်။ သို့သော်လည်းပဲ တပ်မတော်အစိုးရခေတ်လက်ထက်တု့ိ၊ သမ္မတဦးသိန်းစိန်ခေတ်တို့ တောက်လျှောက် ဒီလိုပဲကြွေးကြော်ခဲ့တာပေါ့နော်။ အစိုးရလက်ထက်မှာလည်း အလားတူ ကြွေးကြော်ခဲ့တာ ရှိတာပေါ့နော်။ လက်တွေ့ကျကျတော့ အကောင်အထည်ဖော်ပေးဖို့လိုတယ်လေ။ ဒါမှလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမားတွေအနေနဲ့ ဘဝမြင့်လာမှာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တောင်သူလယ်သမားနေ့မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် နိုင်ငံတော်သမ္မတဖြစ်ဖြစ် မြန်မာလယ်သမားတွေကို ဆောင်ရွက်ပေးမယ့်ဟာတွေ ရေရှည်လုပ်ငန်းစဉ်တွေချပြပြီးမှ စနစ်တကျဆောင်ရွက်ပေးမယ့်ဟာတွေ ပြောနိုင်ရင် တောင်သူလယ်သမားတွေ အားပိုရှိမယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး။    ။ လက်ရှိမြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍအခြေအနေကို သုံးသပ်ပေးပါဦး။

ဖြေ။    ။ လက်ရှိ လယ်ယာကဏ္ဍကတော့ အများကြီးဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူး။ လယ်သမားတွေလည်း ရုန်းကန်နေရဆဲပါပဲ။ အဓိက ပြဿနာက ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေတယ်။ စပါးစိုက်ပျိုးရာမှာ မျိုး ပြဿနာရှိတယ်။ အထွက်နှုန်းတွေ လျော့ကျတယ်။ စိုက်ပျိုးရေးနည်းစနစ်နဲ့ လိုအပ်ချက်ရှိတယ်။ မြေယာပြုပြင်ဖို့ အခက်အခဲတွေရှိတယ်။ တခြားအခက်အခဲတွေကတော့ လယ်ယာလုပ်သားရှားပါးတဲ့ ပြဿနာ၊ ဈေးကွက်နဲ့ပတ်သက်ရင် စပါးပေါ်တဲ့အချိန်မှာ ဈေးကျတယ်ပေါ့။  ပြောင်းပေါ်တဲ့အချိန်မှာ ပြောင်းရောင်းလို့မရဘူးပေါ့။ ဈေးကွက်နဲ့ပတ်သက်ရင် အလှမ်းဝေးတဲ့ပြဿနာ၊ ဈေးကွက်ခိုင်မာမှုမရှိဘူး။ ကြားထဲမှာ ရာသီဥတုဖောက်ပြန်တဲ့အခါကျတော့ အောက်ပြည်မှာ မိုးရွာရင် ရေကြီးတယ်။ အထက်မှာဆိုရင် ရေရှားပါးတယ်၊ ပိုးကျတယ် ။ ဒီပြဿနာတွေကြုံတွေ့တယ်။ ဒါတွေနဲ့ပတ်သက်ပြီး အာမခံချက်မရှိဘူး။

မေး။    ။ ဈေးကွက်အခြေအနေက မကောင်းဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက်က ဘယ်အပေါ်မှာ မှီခိုနေရလဲ။

ဖြေ။    ။ ဆန်စပါးဈေးကွက်ကတော့ အဓိက ကမ္ဘာ့ဆန်စပါးဈေးကွက်အပေါ် မှီတည်နေတာပေါ့။ ကမ္ဘာဆန်ဈေးအနေအထားအရ ဈေးကျတာရှိတယ်။ ကျွန်တော်တို့ဆီက အဓိကဖြစ်နေတဲ့ပြဿနာက ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်နေတဲ့အခါကြတော့ တစ်ဧက အထွက်နှုန်းနိမ့်တယ်။ အဲ့လိုနိမ့်တဲ့အခါကျတော့ တွက်ခြေမကိုက်ဘူး ဖြစ်တာပေါ့။ တခြားတိုင်းပြည်တွေက တစ်ဧကကို တင်းနှစ်ရာလောက်ထွက်တဲ့အချိန်မှာ ကျွန်တော်တို့က တင်းခြောက်ဆယ်၊ ခုနစ်ဆယ်ဖြစ်နေတယ်။ ဒါက အဓိကပြဿနာအနေနဲ့တစ်ချက်ရှိနေတယ်။ ဒါကိုလယ်သမားတွေက ဈေးတက်အောင်လုပ်ပေးပါလို့ပြောလည်း ကမ္ဘာဈေးထက် ပိုမြင့်ရောင်းလို့ မရဘူးပေါ့နော်။

မေး။    ။ လက်ရှိတောင်သူလယ်သမားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေလဲ။

ဖြေ။    ။ တောင်သူလယ်သမားတွေရဲ့ ဘဝက ရုန်းကန်နေရတဲ့ အနေအထားပဲ ရှိနေတယ်။ အရင်လည်းရုန်းတယ်၊ အခုလည်းရုန်းတယ်။

မေး။    ။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကို မြှင့်တင်အောင် ဘယ်လိုလုပ်ဆောင်ပေးဖို့ရှိလဲ။

ဖြေ။    ။ မြှင့်တင်အောင်လုပ်ဆောင်ပေးဖို့ဆိုတာက အစိုးရကနေ ဦးဆောင်လုပ်ပေးမှ ရမှာပေါ့နော်။ ပုဂ္ဂလိက ကဏ္ဍကနေ လုပ်ဖို့ကတော့ သိပ်မလွယ်ဘူး။ တတ်နိုင်သမျှတော့လုပ်ပေးမယ်။ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍကနေ လုပ်နိုင်တဲ့ပမာဏက နည်းတယ်။ အလုပ်ရုံဆွးနွေးပွဲတွေလုပ်နေလည်း မထူးတော့ဘူး။ အဖြေက ဒီအဖြေပဲ ထွက်ကြတာပေါ့။ မြေယာပြုပြင်တဲ့ကိစ္စတွေ၊ မျိုးကောင်းမျိုးသန့်ကိစ္စတွေ ၊ ဆည်မြောင်းကိစ္စတွေ၊ နောက်ဈေးကွက်ရရှိအောင် လုပ်ဆောင်ရမယ့်ကိစ္စတွေ ၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ကူညီဆောင်ရွက်ပေးမယ့်ကိစ္စတွေ အကုန်လုံးကတော့ လိုအပ်ချက်ရှိနေတာပေါ့နော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required