NCA စာချုပ်ကြီးဟာ ပြည်ထောင်စုသမိုင်းမှာ ပင်လုံစာချုပ်ပြီးရင် ဒုတိယအရေးအကြီးဆုံးစာချုပ်လို့ပဲ ပြောချင်ပါတယ်

NCA စာချုပ်ကြီးဟာ ပြည်ထောင်စုသမိုင်းမှာ ပင်လုံစာချုပ်ပြီးရင် ဒုတိယအရေးအကြီးဆုံးစာချုပ်လို့ပဲ ပြောချင်ပါတယ်

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ / ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်)

ထန်ထလန်၊ မတ်လ ၁

မေး။    ။ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနေတယ်ပေါ့။ ဘယ်လို အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးကြမှာလဲ။

ဖြေ။    ။ ကျွန်တော်တို့က အခက်ခဲကြားမှာ ကြိုးစားပြီးဆောင်ရွက်တာဖြစ်တဲ့အတွက် ပိုပြီး အဓိပ္ပာယ်ရှိတယ်။ ပိုပြီး လေးနက်တယ်။ ပိုပြီး အနှစ်သာရရှိတယ်လို့ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ လွယ်လွယ်ကူကူရတဲ့ဟာကို လူတိုင်းက သိပ်ပြီးတော့ တန်ဖိုးမထားဘူး။ ခက်ခက်ခဲခဲနဲ့ အမှန်စင်စစ်က ကျွန်တော်တို့ ကျင်းပဖို့ ခက်ခဲတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းကိုကြည့်ပါ။ ၁၉၄၀ ခုနှစ် ပင်လုံညီလာခံမှာ ချင်းပြည်နယ်၊ ချင်းခေါင်းဆောင်တွေ တက်ပြီး ပြည်ထောင်စုကြီးကို ပါဝင်ဆွေးနွေးခဲ့ပြီးတဲ့ နောက်ပိုင်း တောင်ပိုင်းဒေသစုံစမ်းရေးကော်မတီမှာ ကျွန်တော်တို့ အကြံဉာဏ်တွေ ပေးခဲ့တယ်။ အဲ့ဒီကာလနောက်ပိုင်းမှာ ချင်းအမျိုးသားတွေရဲ့ လိုလားချက်၊ ချင်းအမျိုးသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို အခုလိုကြိုးကြိုးစားစားပေါ့လေ။ ပါဝင်ဆွေးနွေးခြင်းဆိုတဲ့ဟာ တော်တော်နည်းပါးခဲ့ပါတယ်။ ၁၉၄၈ မှာချင်းအမျိုးသားနေ့၊ ချင်းအမျိုးသားညီလာခံတစ်ရပ်ကျင်းပခဲ့တယ်။ အဲဒါကို ယနေ့အထိ ချင်းအမျိုးသားနေ့ဆိုပြီး ကျင်းပတယ်။ ဒါတွေနဲ့ နှိုင်းပြီးတော့ကြည့်မယ်ဆိုရင် သမိုင်းမှာပေါ့နော် ။ ချင်းလူမျိုးတွေဟာ မိမိတို့လိုလားတဲ့နိုင်ငံရေးစနစ်ကို ရွေးချယ်နိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးတဲ့ အခုလို ညီလာခံမျိုးမှာ ကျွန်တော်တို့သမိုင်းမှာရှားရှားပါးပါးပဲရှိပါတယ်။ တစ်ခါ နှစ်ခါ၊ သုံးခါလောက်ပဲ အများဆုံးရှိခဲ့တယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီးတော့ ရလာတဲ့သမိုင်းကြောင်းအရလည်း ခက်ခက်ခဲခဲပါပဲ။  တော်လှန်ရေးကောင်စီခေတ်တုန်းက ကျွန်တော်တို့ တစ်ခါမှ မရဖူးဘူး။ မ.ဆ.လ တစ်ပါတီ အာဏာရှင်စနစ်တုန်းကလည်းတစ်ခါမှမရဖူးဘူး။ ပြီးတော့ န.ဝ.တ ခေတ်မှာလည်း မရခဲ့ပါဘူး။ အခု သမ္မတ ဦးသိန်းစိန်တက်လာပြီး နောက်ပိုင်းရွေးကောက်ပွဲနဲ့ တက်လာတယ်ဆိုတော့ သူက တက်လာပြီးနောက်ပိုင်းမှာ NCA စာချုပ်ကို ကျွန်တော်တို့ လက်မှတ်ရေးထိုးလာခဲ့တယ်။ NCA စာချုပ်အရ အခု အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနေတာ့ဖြစ်တယ်။ ဆိုတော့ အဲ့လိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့်ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့ မူနဲ့ပေါ်လစီသာမကဘဲနဲ့ ချင်းတစ်မျိုးသားလုံး ရဲ့မူနဲ့ပေါ်လစီကို ကျွန်တော်တို့ တင်ပြနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲအတွက်ကြောင့် အခက်ခဲကြားကနေ ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်သလို ဒီလိုခက်ခက်ခဲခဲနဲ့ဆောင်ရွက်လာတဲ့ ဒီညီလာခံရဲ့ရလဒ်ကလည်း ကျွန်တော်တို့သမိုင်းမှာ အရေးကြီးတဲ့မှတ်ကျောက်ကို စိုက်ထူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး။    ။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ပေါ့။ တစ်ဘက်မှာလည်း NCA မထိုးထားတဲ့အဖွဲ့တွေ ရှိတော့ မထိုးထားတဲ့အဖွဲ့တွေကိုရောဘယ်လိုမြင်လည်းဗျ။

ဖြေ။    ။ ကျွန်တော်တို့အနေနဲ့ ယနေ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့က လက်မှတ် မရေးထိုးနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော့အမြင်မှာ ဒီတိုင်းပြည်ရဲ့ပြသနာက   နိုင်ငံရေးပြသနာဖြစ်တယ်။ စစ်ရေးပြသနာ မဟုတ်ဘူး။ စစ်ရေးပြသနာဆိုလည်း စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ရတယ်။ သို့သော် ကျွန်တော်တို့က နိုင်ငံရေးပြသနာဖြစ်တဲ့အတွက်   နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဆိုလို့ရှိရင် ဒီလမ်းကြောင်းတစ်ခုပဲ ရှိတယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်း ဒီလမ်းကြောင်းတစ်ခု ပဲရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲ့အတိုင်းသွားမယ်ဆိုရင်တော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးရမယ် ။ NCA စာချုပ်ကိုလက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်မှာ ပြန်လည်သုံးသပ်တဲ့အခါ မှာလည်း ပါရမယ်။ ပြီးလို့ရှိရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အခု ကျွန်တော်တို့ ကျင်းပသလို လူမျိုးတိုင်း၊  ပြည်နယ်တိုင်းမှာ ကျင်းပရမယ်။ ပြီးတော့ အဲဒါက ရရှိလာတဲ့ ရရှိချက်တွေ   နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေကို  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းပြီးတော့ တင်သွင်းလာတဲ့တိုင်းရင်းသား ပြည်နယ်အသီးသီး၊ လူမျိုးအသီးသီး ၊ အဖွဲ့စည်းအသီးသီး၊ နိုင်ငံရေးပါတီ အသီးသီးက တင်ပြလာတဲ့ဟာကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးပြီးတော့ ရရှိလာတဲ့ သဘာတူညီချက်တွေကို  အဆင့်ဆင့်ဆွေးနွေးလာတဲ့ဆွေးနွေးချက်ကို   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ်နဲ့ ချုပ်ဆိုနိုင်ခဲ့မယ်ဆိုလို့ရှိရင် ချုပ်ဆိုနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အဲ့လို ချုပ်ဆိုနိုင်လို့ရှိရင်    ကျွန်တော်တို့ ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်တဲ့နေရာမှာ အရေးအကြီးဆုံးလမ်းစဉ် ဖြစ်တယ်လို့ မြင်ပါတယ်။ အဲ့အတွက် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ ညီနောင် တိုင်းရင်းသားတွေကိုလည်းဖိတ်ခေါ်လိုပါတယ်။ အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးပြီးတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ကြဖို့ အခုလိုပဲ မိမိတို့လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေကိုလည်း ကျင်းပဖို့ ဖိတ်ခေါ်လိုပါတယ်။

မေး။    ။ ဒါကတော့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးနေကြတာပေါ့။ ငြိမ်းချမ်းရေးစကားဝိုင်း ၁ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ သူတို့လိုချင်တာကို
လက်နက်ကိုင်ပြီးတောင်းဆိုနေတယ်ဆိုပြီး ပြောတယ်ခင်ဗျ။ အဲလိုမလုပ်သင့်ဘူး ပြောတယ်။ အဲ့အပေါ် ဘယ်လိုမြင်လဲ သိချင်ပါတယ်။

ဖြေ။    ။ ဒေါ်အောင်ဆန်းစုကြည်ပြောတာ မှားပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင်တာဟာ လိုချင်တာကို အတင်းအဓမ္မလက်နက်ကိုင်နည်းနဲ့ တောင်းဆိုဖို့ဆိုပြီး လက်နက်ကိုင်တဲ့တိုင်းရင်းသား တစ်ဖွဲ့မှ မရှိပါဘူး။ ဒီတိုင်းပြည်မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးတည်းက ယနေ့အထိ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို နိုင်ငံရေးနည်းနဲ့ မရခဲ့လို့သာ ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ဆိုတော့ ဒီနိုင်ငံရေးဖြစ်စဉ် ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အခုလို
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကိုကျင်းပရမယ်။ ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရမယ်။ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရမယ်ဆိုပြီးတော့ တောင်းဆိုတာ အစိုးရ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လိုလားလွန်းလို့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ့် လမ်းစဉ်ကို လိုလားလို့သာ ဒီဖြစ်စဉ်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားအချို့က အခြေအနေအမျိုးမျိုးကြောင့်၊ ဖိအားပေးမှုအမျိုးမျိုးကြောင့် သူတို့နဲ့အနေအထားနဲ့ အချိန်အခါ မကိုက်ညီသေးတဲ့အတွက်ကြောင့်သာ လက်မှတ်မထိုးနိုင်သေးတာ ဖြစ်ပါတယ်။  ဘယ်သူမှ လက်မှတ်ရေးထိုးဖို့ အငြင်းအခုန် လုပ်ကြတာမဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့တိုင်းရင်းသားတွေဟာ လိုလားတဲ့ နိုင်ငံရေးစနစ်ကို လက်နက်ကိုင်နည်းနဲ့ တိုက်ယူရမယ် တောင်းဆိုရမယ်ဆိုတဲ့ လမ်းစဉ်ကို ကိုင်စွဲတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ကျွန်တော်မမြင်ပါဘူး အဲ့လိုပဲပြောချင်တယ်။

မေး။    ။ ပြီးခဲ့တဲ့ ပန်ခမ်းညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်တချို့က လက်မှတ် မရေးထိုးတော့ဘူးဆိုတဲ့ သဘောမျိုး ထုတ်ပြန်ခဲ့တာကိုရော ဘယ်လိုမြင်ပါလဲ ။

ဖြေ။    ။ သူတို့အနေအထားကို ကျွန်တော်က ပန်ခမ်းညီလာခံမတက်တဲ့အတွက် မသိဘူး။ ကျွန်တော့အမြင်ကတော့ ဒါက NCA လက်မှတ်မရေးထိုးဘဲနဲ့ ကျွန်တော်တို့အနေနဲ့   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ ၊ ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းဖို့ ပါဝင်ဖို့ဆိုတာက ရေးဆွဲထားတဲ့ အားလုံးသဘောတူထားတဲ့  NCA စာချုပ်မှာပါတဲ့ အဆင့် ၇ဆင့်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့ မကိုက်ပါဘူးလို့ အဲ့လိုပြဲမင်ပါတယ်။ မြင်တာကတော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးရမယ်။ အဲ့ဒီ့ NCA စာချုပ်မှာပါတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို   ရေးဆွဲရမယ်။ အဲ့ဒီ့မူဘောင်အတိုင်း အခုကျွန်တော်တို့ ချင်းအမျိုးသားတွေ ကျင်းပသလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရမယ်။ ပြီးတော့ အဲ့ဒါကနေ ရလဒ် ရရှိလာတဲ့ဟာတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြပြီးတော့ ဆွေးနွေးပြီးတော့ သဘောတူချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ် အဖြစ်နဲ့ လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဆိုတော့ ဒီအနေအထားတွေကနေ ပြီးသွားမယ်ဆိုလို့ရှိရင် NCA စာချုပ်လက်မှတ်ရေးထိုးခြင်းက အင်မတန်မှ အရေးကြီးတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ ထို့အတွက်ကြောင့် သူတို့ကိုလည်း လက်မှတ်လာပြီးရေးထိုးကြဖို့ ကျွန်တော်ကတော့ ဖိတ်ခေါ်လိုပါတယ်။

မေး။    ။ တိုက်ပွဲတွေကလည်း စစ်တပ်နဲ့ ဆက်ဖြစ်နေတယ်။ မထိုးဘူးဆိုတဲ့သဘောလည်း ပြောထားတော့ ဘယ်လိုဆက်ဖြစ်လာနိုင်လဲ။

ဖြေ။    ။ NCA စာချုပ်မထိုးတဲ့သူအတွက်တော့ အဓီပ္ပာယ်မရှိဘူးဖြစ်မှာပေါ့။ ဒါပေမယ့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရနဲ့ တပ်မတော်နဲ့လွှတ်တော်နဲ့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်လက်မှတ်ထိုးတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးတယ်။ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့က ခေါင်းဆောင်တွေကိုယ်တိုင် လက်မှတ်ရေးထိုးတယ် ဆိုတော့ ကျွန်တော်တို့အတွက်ကတော့ အမြင်ကတော့ ဒီ NCA စာချုပ်ကြီးဟာ ပြည်ထောင်စုသမိုင်းမှာ ပင်လုံစာချုပ်ပြီးလို့ရှိရင် ဒုတိယအရေးအကြီးဆုံးစာချုပ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ တိုင်းရင်းသားတွေအတွက် ဒီလောက်အာမခံချက်တွေ ပေးပြီးတော့ ကျွန်တော်တို့ရဲ့ လိုလားချက်၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့အတွက် အကောင်းဆုံးစာချုပ် ဖြစ်တယ်လို့ အဲ့လိုပဲ သုံးသပ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီ  NCA စာချုပ်အပိုဒ် ၁မှာ၊ အခြေခံမှုမှာ ဘယ်လိုဖော်ပြထားသလဲဆိုတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချူပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီးတဲ့။ လောကပါလ တရားအားလုံးကိုအပြည့်အ၀ အကောင်အထည်ဖော်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု တရားမျှတမှု တို့ကိုအကောင်းအထည်ဖော်ပြီးတဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း ၆၀ ၊ ၇၀ နီးပါး တော်လှန်ရေးလုပ်ပြီး တောင်းဆိုတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံချက်ပေးနိုင်သော ပြည်ထောင်စုကိုတဲ့ ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့ ထူထောင်ရမယ်တဲ့။ ဒီလောက်ခိုင်မာတဲ့ စာချုပ်မျိုး ကျွန်တော်တို့ပြည်ထောင်စုသမိုင်းမှာမရှိခဲ့ဘူး။

တိုင်းရင်းသားတွေလိုလားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝပေးတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုကို အာမခံချက်ပေးတဲ့ စာချုပ်မျိုးက ပင်လံစာချုပ်ပြီးလို့ရှိရင် အင်မတန်မှ အရေးကြီးတဲ့စာချုပ်ပဲ။ အဲ့အတွက်ကြောင့် ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီပေါ်မှာ အခြေခံပြီးတော့ထူထောင်ရမယ်။ ဖက်ဒရယ်စနစ်ပေါ်မှာ အခြေခံပြီးတော့ ထူထောင်ရမယ်ဆိုရင် NCA စာချုပ်သာလျှင် အကောင်းဆုံးလမ်းစဉ်ဖြစ်တယ်။ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ အဲ့လိုပဲ ကျွန်တော်ပြောချင်ပါတယ်။ သူတို့အနေနဲ့ သူတို့လိုချင်တာက ဒီမိုကရေစီမဟုတ်ဘူး။ ဖက်ဒရယ် မဟုတ်ဘူးဆိုရင်တော့ တခြားနည်းလမ်း တွေ့ကောင်းတွေ့မှာပေါ့။ သို့သော် ကျွန်တော်တို့အနေနဲ့ ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စု အဖြစ်နဲ့ထူထောင်မယ်ဆိုရင် NCA စာချုပ်ကနေပြီးတော့ NCA စ ာချုပ်မှာ ဖော်ပြထားတဲ့ နိုင်ငံရေးလမ်းကြောင်း လမ်းပြမြေပုံ ၇ဆင့်အတိုင်း သွားတာအကောင်းဆုံးဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး။    ။ ဖြည့်စွက်ပြောလိုတာများ ရှိမလား။

ဖြေ။    ။ ကျွန်တော်တို့ ချင်းလူမျိုးအတွက် အင်မတန်မှ မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ချင်းလူမျိုးအတွက် ချင်းသမိုင်းမှာအရေးကြီးတဲ့ ညီလာခံတစ်ရပ်ဖြစ်တယ်။ အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်တယ်။ အဲ့ဒီဆွေးနွေးပွဲ ရလဒ်ကနေပြီးတော့ ခုနကကျွန်တော်ပြောတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော   ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံရမယ့်လမ်းညွှန်မှုတွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ပြည်ထောင်စုအတွက် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့၊   ပြည်ထောင်စုအတွက် အုတ်မြစ်ချခဲ့သလိုပဲ အခု ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်  ဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly