ကင်ဂျုံးနမ် လုပ်ကြံခံရမှုဖြင့် ဖမ်းဆီးထားသည့် အမျိုးသမီးနှစ်ဦးကို ရုံးထုတ်

ကင်ဂျုံးနမ် လုပ်ကြံခံရမှုဖြင့် ဖမ်းဆီးထားသည့် အမျိုးသမီးနှစ်ဦးကို ရုံးထုတ်

ကွာလာလမ်ပူ၊ မတ် ၁ ။                ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူ မအေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးနှစ်ဦးကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံးနမ်လုပ်ကြံခံရတာဖြစ်ပြီး အင်ဒိုနီးရှားက အသက် ၂၅ နှစ်ရှိ ဆစ်တီအစ်စယက်ရှ်နဲ့ ဗီယက်နမ်က အသက် ၂၈ နှစ်ရှိ ဒေါင်သီဟူအောင်တို့ကို ရဲအစောင့်အကြပ်ထူထပ်စွာနဲ့ ကွာလာလမ်ပူတရားရုံးမှာ ရုံးတင်စစ်ဆေးတာပါ။

တီရှပ်အနီဝတ်ဆင်ထားတဲ့ ဆစ်တီကို ဦးဆုံးလူသတ်မှုနဲ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။ နောက်မှာ ဖြစ်သလိုပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတဲ့ ဒေါင်သီကို ဗီယက်နမ်စကားနဲ့ စစ်ဆေးတာပါ။

၎င်းနှစ်ဦး အပြစ်ရှိကြောင်း တွေ့ရှိရင် သေဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

ကင်ဂျုံးနမ်ကို လုပ်ကြံခြင်းမဟုတ်ဘဲ တီဗီရုပ်ပြောင်အစီအစဉ်တစ်ရပ်မှာ ပါဝင်ရတယ်လို့ ထင်မှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားကြတဲ့ ၎င်းတို့နှစ်ဦးစလုံးဟာ တရားရုံးစစ်ဆေးကြားနာမှုမှာ စိတ်ထိန်းချုပ်ထားနိုင်ကြပါတယ်။

ဒါပေမယ့် ဒေါင်သီရဲ့ပုံစံက တရားရုံးအနှံ့လှည့်ပတ်ကြည့်နေပြီး ထိတ်လန့်နေပုံပေါ်ပါတယ်။

ကွာလာလမ်ပူလေဆိပ်မှာ ၎င်းတို့နှစ်ဦးက ကင်ဂျုံးနမ်ရဲ့ မျက်နှာကို VX ဓာတုအဆိပ်နဲ့ ပက်ဖျန်းခဲ့တယ်လို့ ရဲက စွဲဆိုထားတာပါ။ VX အဆိပ်ဟာ ဖျက်အားပြင်းဓာတုလက်နက်မှာ သုံးပြီး ကမ္ဘာအနှံ့မှာ တားမြစ်ထားတာဖြစ်ပါတယ်။

၎င်းသံသယတရားခံနှစ်ဦးကို ကွာလာလမ်ပူမြို့တော် ဆင်ခြေဖုံးက သီးခြားတရားရုံးမှာ တင်းကြပ်တဲ့ လုံခြုံရေးစောင့်ကြပ်ချထားပြီး စစ်ဆေးတာဖြစ်ပါတယ်။

တရားရုံးဝင်ပေါက်မှာ မျက်နှာဖုံးစွပ်နဲ့ လက်နက်များဆောင်ထားထားတဲ့ ရဲအင်အား တစ်ရာကျော်ထက်မနည်း လုံခြုံရေးယူထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required