ဘောလုံးအကယ်ဒမီကျောင်းများအတွက် ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်မည်

ဘောလုံးအကယ်ဒမီကျောင်းများအတွက် ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်မည်
ဓာတ်ပုံ-သူရ

ဖေဖော်ဝါရီ ၂၈ ။              ။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ လာမည့် ဘောလုံးရာသီပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အမျိုးသားဘောလုံး အကယ်ဒမီများအတွက် ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်သွားမည်ဟု သိရသည်။

အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံးအကယ်ဒမီများအတွက် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၅၂ မြို့နယ်မှ ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ကစားသမားရွေးချယ်ခြင်း အစီအစဉ်အား AYA Bank Scouting Tour 2017 အမည်ဖြင့် ခရီးစဉ်များ ပြုလုပ်၍ ကွင်းဆင်း ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး မတ်လ ၁၄ ရက် စတင်မည်ဖြစ်ကာ စတင်ကာ ဧပြီလ ၁၀ ရက်နေ့အထိ ဖြစ်သည်။

မြို့ပေါင်း ၅၂ မြို့သို့ ရွေးချယ်ရေး အဖွဲ့ (၄) ဖွဲ့ ခွဲကာစေလွှတ် ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ပဏာမ ကစားသမား ၂၀၀ ဦးကို ဦးစွာရွေးချယ်ထားကာ နောက်ဆုံးအဆင့်တွင် အသက် ၁၁နှစ်အောက် (ယူ-၁၁) ၇၀ ဦးနှင့် အသက် ၁၂ အောက် (ယူ-၁၂) ၁၅ ဦး ၊ စုစုပေါင်း ၈၅ ဦးအား ရွေးချယ်သွားမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် ကစားသမားများသည် အထက် မြန်မာပြည်ရှိ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၊ အောက်မြန်မာပြည်ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီတို့တွင် ဘောလုံး ပညာနှင့် အတန်းပညာများ တက်ရောက်သင်ယူခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံမည့် ကစားသမားများ အနေဖြင့် မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ကို မှန်ကန်စွာ တင်ပြရမည်ဖြစ်ပါသည်။

ရွေးချယ်ရန် အဖွဲ့(၁) သွားရောက်မည့် မြို့များမှာ မိုးညင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ကန့်တလူ၊ ကောလင်း၊ ရွှေဘို၊ မုံရွာ၊ ဟားခါး၊ မင်းတပ်၊ ပခုက္ကူ၊ ကလေး။ အဖွဲ့(၂) သွားရောက်မည့် မြို့များမှာ လားရှိုး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ တောင်ကြီး၊ ကလော၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ လွိုင်ကော်။ အဖွဲ့(၃) သွားရောက်မည့် မြို့များမှာ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ မင်းလှ၊ အောင်လံ၊ သရက်၊ ပြည်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ။ အဖွဲ့(၄) သွားရောက်မည့် မြို့များမှာ ရန်ကုန်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ မြို့များဖြစ်သည်။

အထက်ပါ မြို့များမှ ပဏာမ ကစားသမား (၂၀၀)ဦးကို ရွေးချယ်ပြီးနောက် မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တို့တွင် နောက်ဆုံး အပြီးသတ် ရွေးချယ်မှုများပြုလုပ်သွားမည် ဖြစ်သည်။

အကယ်ဒမီကျောင်းများတွင် ဘောလုံးပညာနှင့် ကျောင်းပညာ သင်ယူလိုသည့် အသက် (၁၁)နှစ်နှင့် (၁၂)နှစ်အောက် မျိုးဆက်သစ် လူငယ် ကစားသမားများ ၊ မိဘများ အနေဖြင့် ဖော်ပြပါ မြို့နယ်များရှိ အားကစားနှင့် ကာယပညာ ရုံးများတွင် လည်းကောင်း၊ Hot Line - 09452030400 (ရုံးချိန် အတွင်းသာ)၊  [email protected] သို့လည်းကောင်း စုံစမ်း ဆက်သွယ်မေးမြန်း နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required