မြောက်ဥတူးရာမှ မြောက်ဦးခေတ်သုံး ငွေဒင်္ဂါး ၄၁ ပြားတွေ့ရှိ

မြောက်ဥတူးရာမှ မြောက်ဦးခေတ်သုံး ငွေဒင်္ဂါး ၄၁ ပြားတွေ့ရှိ

စစ်တွေ၊ ဖေဖော်ဝါရီ ၂၈ ။              ။ ရှေးခေတ်သုံး ရခိုင်ငွေဒင်္ဂါးပြား ၄၁ ပြားအား ကျောက်ဖြူမြို့နယ်၊ စနဲကျေးရွာသူတစ်ဦး မြောက်ဥတူးရာမှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ငွေဒင်္ဂါးပြားများအား စနဲကျေးရွာမှ ဒေါ်မရွှေကြည်မှာ ရွာ၏ အနောက်ဘက်တောင်တန်းတွင် ဈေးရောင်းရန်အတွက် မြောက်ဥတူးနေစဉ် မြေကြီးထဲမှ တစ်စုတစည်းတည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဒင်္ဂါးပြားတွေကို ကျွန်တော်တို့ ရထားတာကြာပါပြီ။ ပြီးခဲ့တဲ့ တစ်လကျော်လောက်ကနေ ရထားတာပါ။ ကျွန်တော်မိန်းမ မြောက်ဥတူးရင်းနဲ့ တွေ့လာတာပါ။ ရှေးခေတ်ဒင်္ဂါးပြားတွေ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ချို က ပြောသည်။

ဒင်္ဂါးပြားများ၏ မျက်နှာဘက်တွင် ကောဇာသက္ကရာဇ် ၁၀၁၄ ခု၊ ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ အမည်နှင့် ရွှေနန်းသခင် စန္ဒဝိဇယရာဇာ၊  ရွှေနန်းသခင် အဘယမဟာရာဇာ စသည့်အမည် များပါရှိပြီး တချို့မှာ သက္ကရာဇ်နှင့်စာများ ပျက်ပြယ်နေပြီဖြစ်ကာ မင်းဆက် လေးဆက်တို့၏ လက်ထက်တွင် အသုံးပြုခဲ့သည့် ဒင်္ဂါးအမျိုးအစား လေးမျိုး ပါရှိသည်ကို တွေ့ရသည်။

“ဒင်္ဂါးပြားတွေကို မြေထဲမှာ အဝတ်စနဲ့ထုတ်ပြီး  မြှုပ်ထားခဲ့တာဖြစ်နိုင်ပါတယ်။ တစ်နေရာတည်းကနေ ရတာပါ။ ရခိုင်ပြည်သုံးအက္ခရာတွေ ရေးထိုးထားပါတယ်။ လောလော ဆယ်တော့ ကျွန်တော်အိမ်မှာပဲ သိမ်းဆည်းထားရှိပါတယ်”ဟု ဦးခင်မောင်ချိုက ပြောသည်။

၎င်းဒင်္ဂါးပြားများမှာ ငွေသားအစစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ တစ်ဦးတစ်ယောက်က မိမိပိုင်ဆိုင်သည့် ဒင်္ဂါးပြားများ အား မြေကြီးထဲတွင် သိုဝှက်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် ယင်းပစ္စည်းများအား တွေ့ရှိသည့်နေရာမှာ ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များနှင့် နီးစပ်သည့်နေရာလည်း မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required