ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ခနှင့် သန့်စင်ခန်းအသုံးပြုခ ကောက်ခံနေမှု ဖျက်သိမ်း

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ခနှင့် သန့်စင်ခန်းအသုံးပြုခ ကောက်ခံနေမှု ဖျက်သိမ်း

 ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၈ ။             ။ ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ခနှင့် သန့်စင်ခန်းအသုံးပြုခများအား  ကန်ထရိုက်စနစ်ဖြင့် ကောက်ခံနေမှုအား ဖျက်သိမ်း၍ မတ်လ ၁ ရက်နေ့မှ စတင်ကာ ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်ရှိ ဖိနပ်အပ်ရန်ဌာနတွင် ဖိနပ်အပ်ခ တစ်ရံလျှင် ၅ဝ ကျပ်ဟု ဗီနိုင်းဖြင့် ဖော်ပြ ထားသော်လည်း ဘုရားဖူးများထံမှ တစ်ရံလျှင် ၁ဝဝ ကျပ်ကို ကောက်ခံနေသည်ဟု တိုင်ကြားမှုများ ရှိနေသည့် အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

“ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်နေရတာက ဆိုရှယ်လူမှုမီဒီယာတွေမှာလည်း ဖိနပ်လက်ခံတဲ့ဟာကို သတ် မှတ်နှုန်းထားထက် ကောက်ခံတယ်ဆိုပြီး ဖော်ပြနေတာတွေရှိတယ်။ နောက် ကျွန်တော်တို့ ဝန်ကြီးဌာနကို လည်း တိုင်ကြားမှုတွေရှိလာတဲ့အတွက် ကျွန်တော်တို့က ဒါကို ပြန်လည်စိစစ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီးပါက ရွှေတိဂုံစေတီတော်သို့ လာရောက်သောဘုရားဖူးများ ဖိနပ်အပ် ရန်နှင့် သန့်စင်ခန်းများ အသုံးပြုနိုင်ရန် ဂေါပကအဖွဲ့ရုံးမှဝန်ထမ်းများဖြင့် အလှူခံပုံးများထားရှိကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရွှေတိဂုံစေတီတော် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် သာသနာရေးဦးစီးဌာနမှ အဓိက အချက်(၃) ဖြင့် ဆောင်ရွက်နေကြောင်း ဦးအောင်ဆန်းဝင်းက ပြောသည်။

“ ရွှေတိဂုံဘုရားမှာ ကျွန်တော်တို့က ရေရည်တည်တံ့နိုင်ဖို့အတွက် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးက တစ်ချက်၊ လုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်ရေးက တစ်ချက်နဲ့ ပြည်တွင်းပြည်ပ ဘုရားဖူးတွေအားလုံး စိတ်ချမ်းမြေ့၊ စိတ်ချမ်းသာစွာ ဖူးမျှော်နိုင်ရေးဆိုပြီးတော့ အဓိက အချက်သုံးချက်နဲ့ ဆောင်ရွက်နေပါတယ်” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

ကန်ထရိုက်စနစ်ဖြင့် ဖိနပ်အပ်ခကောက်ခံနေမှုနှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဘုရားများတွင် လည်း လက်ရှိကန်ထရိုက်သက်တမ်း ကုန်ဆုံးပါက ဖျက်သိမ်းသွားမည်ဖြစ်ပြီး ဂေါပကအဖွဲ့များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required