ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်း မမေးရသေးသော ကိုယ်စားလှယ်များ ရှိဟု လွှတ်တော်ဒုဥက္ကဋ္ဌပြော

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်း မမေးရသေးသော ကိုယ်စားလှယ်များ ရှိဟု လွှတ်တော်ဒုဥက္ကဋ္ဌပြော

ပုသိမ်၊ဖေဖော်ဝါရီ ၂၈ ။           ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် စတုတ္ထ ပုံမှန်အစည်းအဝေးအထိ မေးခွန်း မမေးရသေးသည့် ကိုယ်စားလှယ်များ ရှိကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

"မေးခွန်းမေးတဲ့ကိုယ်စားလှယ်တွေလည်းရှိသလို မမေးရသေးတဲ့ ကိုယ်စားလှယ်တွေ တော်တော်များများ ကျန်သေးတယ်။ ကျန်ရှိနေတဲ့အပိုင်းက ကျွန်တော်တို့အစိုးရသစ်က စပေါ်ခါစ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက စဖြစ်ခါစဆိုတော့ တခါတလေက နိုင်ငံရေး ရေချိန်အပြောင်းအလဲတစ်ခုမှာ မိမိလိုအပ်ချက်မှန်ပေမယ် နိုင်ငံတော် မပံ့ပိုးပေးနိုင်တဲ့အခါ အစိုးရဝန်ထုပ်ဝန်ပိုးဖြစ်မှာလည်း စိုးတယ်။ ပြည်သူတွေက လိုအပ်တာမှန်သမျှ တောင်းဆိုနေမှာပဲ ။ နိုင်ငံတော် ဘတ်ဂျက်အပေါ်မူတည်ပြီး လုပ်ပေးနိုင်တဲ့ပမာဏအပေါ် မူတည်ပြီး ကိုယ်စားလှယ်တွေက ချင့်ချိန်ပြီး တစ်နှစ်တိတိစောင့်ကြည့်နေတဲ့အထဲမှာ ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကို ၄၂ ရက်ကြာ ကျင်းပပြုလုပ်ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၁၀ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၆ ခု အား ကိုယ်စားလှယ်များက မေးမြန်းခဲ့သည်။

“ပြည်သူတွေ အဓိက လိုအပ်နေတာ ဧရာဝတီတိုင်းဒေသကြီးက ရေလုပ်ငန်းကို အဓိက မှီတည် လုပ်ငန်းဖြစ်တော့ ရေလုပ်ငန်းကိစ္စတွေ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး အဓိကထား မေးမြန်းတာရှိပါတယ်၊အခုအချိန်အထိ တိုင်းဒေသကြီးအစိုးရက လွှတ်တော် ကတိကဝတ် ဝင်ထားတဲ့ မေးခွန်းတွေရှိတဲ့ တိုက်တွန်းထားတဲ့အဆိုတွေရှိတယ်။ ဆောင်ရွက်ထားရှိမှုအခြေအနေကို တစ်လတစ်ခါ အကြောင်းပြန်ကြားထားပါတယ်။ အဓိက က ကျေးလက်ဒေသနဲ့ ပတ်သက်တဲ့မေးခွန်းတွေ ပိုများပါတယ်”ဟု လွှတ်တော်ဒုဥက္ကဋ္ဌက ပြောသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၂၈ ခု မေးမြန်းပြီး လုံခြုံနယ်စပ်မေးခွန်း ၄ခု၊ စီမံဘဏ္ဍာမေးခွန်း၂ ခု၊ စိုက်ပျိုးမွေးမြူးရေးမေးခွန်း ၁၅ ခု၊ လျှပ်စစ် စက်မှုမေးခွန်း ၃ခုနှင့် လူမှုရေးမေးခွန်း ၄ ခု မေးမြန်းခဲ့သည်။

ဒုတိယပုံမှန်အစည်းအဝေးတွင် မေးခွန်း ၃၅ ခု စိုက်မွေး မေးခွန်း ၁၇ ခု၊ လျှပ်စစ်စက်မှုမေးခွန်း ၆ ခု၊ စည်ပင်မေးခွန်း ၃ခုနှင့် လူမှုရေးမေးခွန်း ၉ ခ ုမေးမြန်းခဲ့သည်။

တတိယပုံမှန်အစည်းအဝေးတွင် ၂၅ ခု ကြယ်ပွင့်မပြမေးခွန်း ၃ ခု မေးမြန်းပြီး၊လုံခြုံနယ်စပ်မေးခွန်း ၁ ခု၊ စိုက်မွေးမေးခွန်း ၁၄ ခု၊ လျှပ်စစ်စက်မှုမေးခွန်း ၄ခု၊ စည်ပင်မေးခွန်း ၁ခုနှင့် လူမှုရေးဝန်ကြီးဌာန မေးခွန်း ၅ ခု မေးမြန်းခဲ့သည်။

စတုတ္ထ ပုံမှန်အစည်းအဝေးတွင် လုံခြုံနယ်စပ်မေးခွန်း၂ ခု၊ စီမံဘဏ္ဍာမေးခွန်း ၁ ခု ၊စိုက်မွေးမေးခွန်း ၁၀ခု ၊ လျှပ်စစ်စက်မှုမေးခွန်း ၄ ခု၊ လူမှုရေး မေးခွန်း ၄ ခု နှင့်စည်ပင်မေးခွန်း ၁ ခု မေးမြန်းခဲ့သည်။

မေးခွန်းများတွင် တပ်မတော်သားကိုယ်စားလှယ်များမှ မေးခွန်း ၃ ခုအား စတုတ္ထ ပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့ပြီး၊ အဆို စုစုပေါင်းဆယ်သုံးခု တင်ထားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required