အခြေခံဥပဒေ ပြင်ဆင်ရေး ၂၁ ပင်လုံညီလာခံ ရလဒ်များအပါ်သာ မှုတည်ဟုဆို

အခြေခံဥပဒေ ပြင်ဆင်ရေး ၂၁ ပင်လုံညီလာခံ ရလဒ်များအပါ်သာ မှုတည်ဟုဆို

ထန်တလန်၊ ဖေဖော်ဝါရီ ၂၈ ။             ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန် ကိစ္စသည် NLD အစိုးရသစ်လက်ထက် ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ပင်လုံ ညီလာခံရလာဒ်များ အပေါ်တွင် မှုတည်နေသည်ဟု ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး ဆလိုင်းထလဟေးက ပြောဆိုလိုက်သည်။

“ ၂၀၀၈ အခြေခံဥပဒေပြင်ဖို့က ဒီဟာနဲ့ တိုက်ရိုက်ကြီးပြင်လို့မရဘူး အဆင့်ဆင့်နဲ့ တက်သွားရမှာဖြစ်ပါတယ်။ တကယ်လို့များ ဒီဆွေးနွေးချက်တွေကို ၂၁ ရာစုပင်လုံကနေ အားလုံးသဘောတူညီချက် ရနိုင်တယ်ဆိုလို့ရှိရင်ဆိုရင်တော့ အဲဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ရလဒ်အပေါ် အခြေခံပြီးတော့ ၂၀၀၈ အုပ်ချုပ်ပုံကိုလည်း ပြင်စရာရှိတယ်ဆိုလို့ရှိရင် ပြင်သွားမှာဖြစ်ပါတယ်။   ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက် မရဘဲနဲ့တော့ ချက်ချင်း ပြင်လို့တော့ မရပါဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မှရရှိလာမည့် ရလဒ်များသည် ငြိမ်းချမ်းရေးအတွက်သာမက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ပါ အရေးပါလိမ့်မည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူဇင်ကျုံးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

“ အားလုံးက လိုလားတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရ လာဒ်ဟာ အထူးအရေးပါ ပါလိမ့်မယ် ” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) မှ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က “ အမြင်တို့ဆွေးနွေးတာတွေက အရင်ကမရှိခဲ့ဘူးလေ။   ဒေသအသီးသီးက ချင်းတွေ တွေ့ကြတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ အမျိုးသားရေးအပေါ်မှာ အမြင်လေးတွေနော် အဲဒါ ပိုပြီးစုစည်းနိုင်မယ်ဆိုရင်တော့ ဥက္ကဋ္ဌပြောတဲ့အထိ အဆက်စပ် ရှိနိုင်ပါတယ် “ ဟု ၎င်း၏ အမြင်ကိုပြောသည်။

ဒေသအသီးသီးတွင် ကျင်းပထားသည့် ဒေသအလိုက်၊ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) သို့ တင်ပြရမည်ဖြစ်သည်။ UPDJC မှအတည်ပြုသည့် အချက်အလက်များကို လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်ပြဆွေးနွေးမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့က လက်မှတ်ရေးထိုးထားသော်လည်း တချို့ဒေသများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly