ကျေးရွာအဆင့် စာကြည့်တိုက်များ ဖြည့်တင်းနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်း

ကျေးရွာအဆင့် စာကြည့်တိုက်များ ဖြည့်တင်းနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်း

စစ်တွေ၊ ဖေဖော်ဝါရီ ၂၈။              ။ မြောက်ဦးမြို့ လူငယ်များအစည်းအရုံး MUYA နှင့် မြောက်ဦးမြို့ နယ်လုံးဆိုင်ရာ လူငယ်တွေဆုံပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ   ပြုလုပ်ခဲ့ကြသည့် ဆွေးနွေးပွဲတွင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအဆင့်စာကြည့်တိုက်များ ဖြည့်တင်းပေးနိုင်ရေးအတွက် လွှတ်တော်တွင် ဆွေးနွေးပေးရန် အတည်ပြု တိုက်တွန်းလိုက်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲကို မြောက်ဦးမြို့လူငယ်များအစည်းအရုံးမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး  မြောက် ဦးမြို့နယ် လူငယ်ထုတစ်ရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်ကာ လက်ရှိရခိုင် ပြည်နယ် အရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးချက်တွေအရ  ကျွန်တော်တို့လူငယ်တွေရဲ့ သိချင်တာတွေ၊ မေးမြန်းချင်တာတွေကို မေးမြန်းခွင့်၊ သိခွင့်ရပါတယ်။ ကျွန်တော်တို့ဘက်က တိုက်တွန်းလိုက်တာကတော့ မြောက်ဦးမြို့နယ်မှာ စာကြည့်တိုက် ၁၇ ခု ရှိပါတယ်။ ဒါပေမယ် အမှန်တကယ် စနစ်တကျနဲ့ စာကြည့်နိုင်ဖို့ အတွက် ငွေကြေးအခက်အခဲတွေ၊ စာအုပ်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကို လွှတ်တော်မှာ တင်ပြ ပေးနိုင်ဖို့ အတွက်ပါ” ဟု မြောက်ဦးမြို့ လူငယ်အစည်းအရုံး ဒုတိယဥက္ကဌ ဦးအောင်မြင့်လင်း က ဆိုသည်။

မြောက်ဦးမြို့နယ်အတွင်း ကျေးမြို့ပေါ်ရပ်ကွက် ၇ ခုနှင့် ကျေးရွာပေါင်း ၂၄၄ ရွာရှိရာ ကျေးရွာမှ ဦးစီးဖွင့်လှစ်ထားသည့် စာကြည့်တိုက်ငယ်များနှင့် ပြန်/ဆက်ဌာနမှ ဖွင့်လှစ်ပေးထားသည့် စာကြည့်တိုက်စုစုပေါင်း ၁၇ ခုသာ ရှိကြောင်း၊ ယင်းစာကြည့်တိုက်များတွင်လည်း စာအုပ်လိုအပ်ချက်များ ရှိနေသည့်အတွက် ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ တိုက်တွန်းရခြင်းဖြစ်ကြောင်း သိရသည်။

“အခုလိုမျိုး စာကြည့်တိုက်တွေ ဖွင့်လှစ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကို လွှတ်တော်ထဲမှ တင်ပြဆွေဆွေးနွေးပေးသွားမယ်ဆိုရင် အဖွဲ့အနေနဲ့လည်း လိုအပ်တဲ့အကူအညီတွေကို လုပ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ MUYA  ကိုလည်းပဲ မြို့နယ်လုံးဆိုင်ရာ ကိုယ်စားပြုအဖွဲ့တစ်ခုအဖြစ် တိုးချဲ့ပြီးတော့ ပြုလုပ်သွားမှာဖြစ်ပါတယ်။”ဟု ၎င်းက ဆက်လက် ပြောခဲ့သည်။

ထို့အပြင် အဆိုပါတွေ့ဆုံးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကွဲပြားခြားနားမှုနှင့် အမျိုးသားသဟဇာတဖြစ်မှု ဆိုင်ရာ လေ့လာရေးအဖွဲ့ Center for Diversity and National Harmony ( CDNH) မှ ပံ့ပိုးကူညီပေးခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required