ဖိလစ်ပိုင်တွင် ဘတ်စ်ကားလိုင်းများ သပိတ်မှောက်၍ ခရီးသည်များ အခက်အခဲဖြစ်

ဖိလစ်ပိုင်တွင် ဘတ်စ်ကားလိုင်းများ သပိတ်မှောက်၍ ခရီးသည်များ အခက်အခဲဖြစ်

မနီလာ၊ ဖေဖော်ဝါရီ ၂၇ ။           ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း အတော်များများက အစိုးရရဲ့ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းမှုကို ဆန့်ကျင်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆန္ဒပြသပိတ်မှောက်တာကြောင့် ခရီးသည်တွေ အခက်အခဲ ကြုံတွေ့ရပါတယ်။

အစိုးရက ယာဉ်လိုင်းတွေ ခေတ်မီရေးအစီအစဉ်အနေနဲ့ jeepney (ဖိလစ်ပိုင်မှာ အသုံးများတဲ့ ဂျစ်ကားတွဲ ဘတ်စ်ကားများ) ကားဟောင်းတွေကို ဖျက်သိမ်းဖို့ စီစဉ်တာကြောင့် ယာဉ်လိုင်းအလုပ်သမားတွေက ဆန္ဒပြကြတာဖြစ်ပါတယ်။

သပိတ်ကြောင့် Jeepney ကားတွေ မထွက်နိုင်တာကြောင့် ခရီးသည်ထောင်ပေါင်းများစွာဟာ မှတ်တိုင်တွေမှာ သောင်တင်နေပါတယ်။ တစ်ချို့ကလည်း တက္ကစီနဲ့ ဖယ်ရီတွေ ငှားပြီး ပြဿနာကို ကိုယ်ဘာသာ ဖြေရှင်းနေရကြောင်း Inquirer သတင်းစာက ရေးသားပါတယ်။

လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေက “jeepney ကားတွေ ဖျက်သိမ်းတာ အလိုမရှိ”၊ “ jeepney ကားတွေနဲ့ အများပိုင်ယာဉ်လိုင်းတွေက ကားတွေ ဖျက်သိမ်းတာမျိုး ပူးပေါင်းမည် မဟုတ်” စတဲ့ စာတမ်းတွေ ကိုင်ဆောင်ဆန္ဒပြကြပါတယ်။ သပိတ်မှောက်မှုမှာ မပါဝင်ကြတဲ့ အခြားသော jeepney ကားမောင်းတဲ့ ဒရိုင်ဘာတွေကိုလည်း လက်ကမ်းစာစောင်တွေ လိုက်ဝေပါတယ်။

ခုဆန္ဒပြမှုတွေက တော်တော်များများ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြတာဖြစ်ပါတယ်။ ရဲတွေက လုံခြုံရေးအတွက် စောင့်ကြပ်နေသလို ဆန္ဒပြသူတွေနဲ့ ဆန္ဒပြမှုမှာ မပါဝင်တဲ့ jeepney ကားဆရာတွေကြား အခြေအတင်ဖြစ်တာမျိုးလည်း မရှိကြောင်း EPA သတင်းက ဖော်ပြပါတယ်။

သပိတ်ကြောင့် မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကိုလည်း ယာယီပိတ်ခိုင်းထားပါတယ်။ ဌာနဆိုင်ရာ အာဏာပိုင်တွေက ခရီးသည်တွေအတွက် ဘတ်စ်ကားနဲ့ ထရပ်ကားတွေ ပြေးဆွဲပေးပြီး အခြေအနေကို ထိန်းခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required