မန်ယူအသင်းတွင် မိုဗစ် နောက်ထပ်တစ်ရာသီ ဆက်ကစားမည်ဟု မော်ရင်ဟို ယုံကြည်

မန်ယူအသင်းတွင် မိုဗစ် နောက်ထပ်တစ်ရာသီ ဆက်ကစားမည်ဟု မော်ရင်ဟို ယုံကြည်

ဖေဖော်ဝါရီ ၂၇၊ အင်္ဂလန် ။                  ။ မန်ယူနည်းပြ မော်ရင်ဟိုသည် အသင်းအတွက် ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူးအီဗရာဟီမိုဗစ်ကို အသင်းတွင် နောက်ထပ်တစ်ရာသီ ဆက်လက်သွားကစားသွားစေလိုလျက်ရှိပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုမည်ဟုလည်း ယုံကြည်လျက်ရှိနေသည်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် မိုဗစ်သည် မန်ယူအသင်းနှင့် တစ်ရာသီသာ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။ မိုဗစ်မှာ ယခုနှစ်ရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၆ ဂိုးအထိသွင်းယူပေးထားသည်။ ဆောက်သမ်တန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲတွင်လည်း အဖွင့်ဂိုးနှင့် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်သည်။

မော်ရင်ဟိုနှင့်မိုဗစ်တို့သည် အင်တာမီလန်အသင်းတွင် အတူလက်တွဲခဲ့ကြသူများဖြစ်သည်။ ၂၀၀၈-၀၉ ရာသီတွင် စီးရီးအေဖလားကို ရယူနိုင်ခဲ့ကြပြီးနောက် မိုဗစ်မှာ ဘာစီလိုနာသို့ပြောင်းရန် အင်တာမီလန်ကို စွန့်ခွာခဲ့သည်။ ထိုအချိန်က ဝမ်းနည်းခဲ့ရသော်လည်း မတားဆီးခဲ့ကြောင်း မော်ရင်ဟိုက ပြောသည်။

 ‘တစ်နေ့တော့ ဘာစီလိုနာကိုပြောင်းဖို့ အင်တာကို မိုဗစ်စွန့်ခွာခဲ့ပါတယ်။ ကျွန်တော်ဝမ်းနည်းခဲ့ရပေမယ့် သူ့ကို မတားဆီးခဲ့ပါဘူး။ ကျွန်တော့ရဲ့နည်းပြဘဝမှာ ဘယ်ကစားသမားကိုမှလည်း စာချုပ်သစ်ချုပ်ဆိုဖို့ တောင်းဆိုတာမျိုးမလုပ်ခဲ့ပါဘူး။ ကျွန်တော့်အတွက် ကစားပေးဖို့ လည်း မတောင်းဆိုခဲ့ဖူးပါဘူး။

မိုဗစ်ကို လိုအပ်နေတယ်ဆိုရင်တောင် တောင်းဆိုမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ပရိသတ်တွေအနေနဲ့လိုအပ်တယ်ဆိုရင်တော့ သူ့အိမ်ရှေ့မှာသွားပြီး တစ်ညလုံးသွားတောင်းဆိုနိုင်ပါတယ်။ သူတို့ အဲ့ဒါမျိုးသေချာပေါက်လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ မိုဗစ်ကို အသင်းမှာ နောက်ထပ်တစ်ရာသီဆက်ကစားသွားစေလိုပါတယ်။ ဆက်ကစားမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်’ ဟု ဆိုခဲ့သည်။

မန်ယူအသင်းကလည်း မိုဗစ်ကို တစ်နှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားပြီးဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly