သူရဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင် သက်တမ်းတိုးမှုအပေါ် တပ်မတော် ကန့်ကွက်

သူရဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင် သက်တမ်းတိုးမှုအပေါ် တပ်မတော် ကန့်ကွက်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်ထောင်စုလွှတ်တော်နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ သက်တမ်း ထပ်မံတိုးမြှင့်ခြင်းအပေါ် တပ်မတော်က ကန့်ကွက်လိုက်သည်။

ပြီးခဲ့သည့်နှစ် မတ်လ ၁ရက်က စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါ ကော်မရှင်၏ သက်တမ်းသည် တစ်နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် နောက်ထပ် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ရန် ဖေဖော်ဝါရီ ၂၇ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြလာမှုအပေါ် တပ်မတော်က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ပြည်သူ့လွှတ်တော်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သည်။

“ကော်မရှင် ဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ အပ်နှင်းထားရှိပါတယ် ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ အပ်နှင်းထားခြင်း မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ထို့ပြင် အဆိုပါ ကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်ပေးရန် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၀ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယခုလ ၂၂ရက်က တင်ပြထားသည်ဟုလည်း ဗိုလ်မှူးချုပ် မောင်မောင်က ဆိုသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ကန့်ကွက်သောကြောင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၃၃မဲ၊ ကန့်ကွက်မဲ ၁၈၉မဲနှင့် ကြာနေ ၆မဲ ရရှိခဲ့သဖြင့် ကော်မရှင် သက်တမ်းတိုးခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီပါဘူး။ မညီလို့လည်း ညီ၊ မညီ စိစစ်ပေးဖို့ ခုံရုံးကိုလည်း တင်ထားပါတယ်။ ခုံရုံးကလည်း ဘာမှ အဆုံးအဖြတ် မပေးသေးပါဘူး။ ဒီလို အခြေအနေမှာ သက်တမ်းတိုးတာဟာ မကောင်းပါဘူး။ မကောင်းပါဘူးဆိုတာ မလုပ်သင့်ပါဘူး” ဟု ဗိုလ်မှူးချုပ် မောင်မောင်က မီဒီယာများကို ပြောသည်။

မဲခွဲဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍လည်း ဗိုလ်မှူးချုပ် မောင်မောင်က “ကျွန်တော်တို့ တပ်မတော်သားများ ကန့်ကွက်ရဲ့သားနဲ့ အလေးအနက်ထား စဉ်းစားဆောင်ရွက်မှုမရှိဘဲနဲ့ အတင်းမဲခွဲပြီး ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ ဒါဟာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ဆိုသည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ၂၀၁၆ခုနှစ် မတ်လ ၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် (၃၈)ဦး ရှိသည်။

အခြေခံဥပဒေနှင့်မညီသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ပြီး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းအပေါ် ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်ခြင်းမဟုတ်ဟုလည်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

"ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မညီတဲ့ကိစ္စတွေကို ထောက်ပြ၊ ပြောဆို၊ ကန့်ကွက်ရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required