အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ရန် ကြိုးစား၍ သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရန် ကော်မရှင်ထံ တောင်းဆို

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ရန် ကြိုးစား၍ သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရန် ကော်မရှင်ထံ တောင်းဆို
 
 
 

တပ်မတော်သားမိသားစု အများစုက မဲပေးရွေးချယ်ထားသည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)ကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် တပ်မတော် နှင့် တပ်မတော်သားများအပေါ် ပြည်သူက အထင်အမြင်လွဲရန် ရည်ရွယ်သည်ဟုဆိုကာ ၎င်းအား တာဝန်မှ ပြန်လည် ရုတ်သိမ်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဇူလိုင် ၂၄ရက် ရက်စွဲဖြင့် လိပ်မူပြီး စာပေးပို့ထားသည်။

"သူရဦးရွှေမန်းသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သဖြင့် နိုင်ငံတော် နှင့် တပ်မတော်အပေါ် သစ္စာရှိမည်ဟု အထင်ကြီးလေးစား ယုံကြည်မှုများဖြင့် တပ်မတော်သားများ မိသားစုများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆန္ဒမဲပေး၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း မိမိတို့အား ဤမျှ ပြုမူဆက်ဆံ ဆောင်ရွက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကျင့်ဝတ် သိက္ခာကို ချိုးဖော်ရာ ကျပါသည်"ဟု တောင်းဆိုစာတွင် ပါရှိသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ကြိမ်မြောက် အစည်းအဝေး ၆၄ရက်မြောက်နေ့တွင် ပြည်ထောင်စု သမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၄၃၆(က)အတွက် မဲခွဲဆုံးဖြတ်ရာတွင် နာယကကိုယ်တိုင် မဲပေးခဲ့ခြင်းသည်အပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များအား "လွှတ်တော်၌ လာထိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာမဖတ်ဘဲ ပြောဆိုဆွေးနွေးခြင်းသည် လွှတ်တော်အတွက် သိက္ခာကျဆင်းကြောင်း" ပြောဆိုချက် နှင့် တပ်မတော်သား ကိုယ်စားလှယ်များအား "သနားတယ်.. သနာစရာကောင်းတဲ့လူလည်း သနားတယ်.. မိမိလွှတ်တော်ဥက္ကဋ္ဌကိုလည်း သနားတယ်.."ဟု ပြောစကားများသည် တပ်မတော် နှင့် တပ်မတော်သားများအပေါ် ရည်ရွယ် ပုတ်ခတ်ရာ ရောက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးအနေဖြင့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်ဟု ဆိုထားသည်။

ယင်းကိစ္စရပ်များကြောင့် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုတ်သိမ်းရန် စာပို့ တောင်းဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (က)(၂)အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မ ၃၉၆ (က) (၄)အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း ၊ ပုဒ်မ ၃၉၆(က) (၅)အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း စသည်တို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် တိုင်ကြားသူများက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။  

ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို တာဝန်မှ ရုတ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် အားလုံး၏ ၁ရာခိုင်နှုန်း၏ သဘောဆန္ဒဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြကာ တိုင်တန်းနိုင်သည်ဟု ပါရှိသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required