VX ဓာတုအဆိပ်ဖြင့် ကင်ဂျုံးနမ်ကို လုပ်ကြံသည့် ကွာလာလမ်ပူလေဆိပ် ဘေးကင်းလုံခြံုကြောင်း ကြေညာ

VX ဓာတုအဆိပ်ဖြင့် ကင်ဂျုံးနမ်ကို လုပ်ကြံသည့် ကွာလာလမ်ပူလေဆိပ် ဘေးကင်းလုံခြံုကြောင်း ကြေညာ

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၇ ။              ။ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်ကို အမျိုးသမီးနှစ်ဦးက VX ဓာတုအဆိပ်နဲ့ လုပ်ကြံခဲ့ရာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်က ဘေးကင်းလုံခြုံမှုရှိတယ်လို့ မလေးရှားရဲအဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာပါတယ်။

ရဲ၊ မီးသတ်အဖွဲ့နဲ့ နျူကလီးယားစွမ်းအင်ပညာရှင် ပူးပေါင်းအဖွဲ့က ကင်ဂျုံးနမ်တိုက်ခိုက်ခံရရာ လေဆိပ်တာမီနယ် ၂ မှာ စိစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကြေညာတာဖြစ်ပါတယ်။ ဓာတုလက်နက်မှာ ထည့်သွင်းအသုံးပြုတဲ့ အဆိပ်ဓာတ်ဖြစ်တဲ့ VX ဓာတုအဆိပ် အစအနကို မတွေ့ရှိကြောင်း ဆိုပါတယ်။

“ကျွန်တော်တို့တွေ စိစစ်မှုလုပ်ငန်းစဉ်တွေအရ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ လေဆိပ်မှာ မတွေ့ရှိပါဘူး။”လို့ ဆီနီဂေါပြည်နယ်ရဲချုပ် အဘ်ဒူဆာမတ်ရှ်က ပြောပါတယ်။

VX ဓာတုအဆိပ်ကို ၁၉၈၀ ခုနှစ်တွေက အီရတ်-အီရန်စစ်ပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ဒီဓာတုရည်က အရောင်အဆင်းမရှိ အနံ့အရသာမရှိဘဲ ကမ္ဘာမှာ အပြင်းထန်ဆုံး ဓာတုဓာတ်တွေက တစ်ခုအပါအဝင်ဘဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံးနမ်ကို အမျိုးသမီးနှစ်ဦး ချဉ်းကပ်ပြီး VX ဓာတုအဆိပ်နဲ့ မျက်နှာကို ပက်ဖျန်းခဲ့တာဖြစ်ပါတယ်။ ကင်ဂျုံးနမ်ဟာ ဆေးရုံအသွား လမ်းမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly