မဟာမိတ်နိုင်ငံများအပေါ် ဝေဖန်တိုက်ခိုက်ခဲ့သည့် ဒေါ်နယ်ထရမ့်ကို ပြင်သစ်သမ္မတ ပြန်လည်တုန့်ပြန်

မဟာမိတ်နိုင်ငံများအပေါ် ဝေဖန်တိုက်ခိုက်ခဲ့သည့် ဒေါ်နယ်ထရမ့်ကို ပြင်သစ်သမ္မတ ပြန်လည်တုန့်ပြန်

ဖေဖော်ဝါရီ ၂၅ ။              ။ ကာလကြာ မဟာမိတ်နိုင်ငံများ ဖြစ်သော ပြင်သစ်၊ ဆွီဒင် နှင့် ဂျာမနီတို့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဝေဖန်တိုက်ခိုက်မှုနှင့်ပတ်သက်၍  ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းက ပြန်လည်တုန့်ပြန်သွားခဲ့သည်။

ယင်းမတိုင်မီက အမေရိကန်၏ မဟာမိတ်နိုင်ငံများ ကျင့်သုံးနေသော လူဝင်မှု ကြီးကြပ်ရေး မူဝါဒများနှင့်ပတ်သက်၍ ထရမ့်က တိုက်ခိုက်ပြောကြားထားခဲ့ပြီးနောက် ယခု ဖေဖော်ဝါရီ ၂၅ ရက်တွင်   ပြင်သစ်သမ္မတက ပြန်လည်တုန့်ပြန်သွားခဲ့ခြင်း ဖြစ်သည်။

" တရင်းတနှီးရှိတဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ ပြင်သစ်အပေါ် ခုလို မယုံသင်္ကာ စကားတွေ ပြောတာက ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး" ဟု ပြင်သစ်သမ္မတက ပြောသည်။

" ကျွန်တော်သာဆိုရင် မိတ်ဘက် နိုင်ငံတစ်နိုင်ငံအပေါ် ခုလိုမျိုး ဆက်ဆံမှာမဟုတ်ပါဘူး၊ အမေရိကန်သမ္မတကိုလည်း ပြင်သစ်အပေါ် ခုလိုမလုပ်ဖို့ တောင်းဆိုချင်ပါတယ်" ဟု ၎င်းက ပါရီမြို့တွင် ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အခမ်းအနားတစ်ခု၌ ပြောသွားသည်။

အမေရိကန်အစိုးရသစ်၏ လူဝင်မှုကြီးကြပ်ရေး ပိတ်ပင်လုပ်ဆောင်ချက်များအပေါ် ခုခံကာကွယ်လိုသည့်အနေဖြင့် ဒေါ်နယ်ထရမ့်က ကာလကြာမဟာမိတ်နိုင်ငံများအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

" ဆွီဒင်မှာ ခု ဘာဖြစ်နေလဲ ကြည့်ကြလေ၊ ဂျာမနီ မှာရော၊ ပြင်သစ်မှာရော ခုဘယ်လိုတွေ ဖြစ်နေလဲ ကြည့်ကြပါ၊ နိစ်မြို့နဲ့ ပါရီတို့မှာ ဘယ်လိုမျိုး ကြုံတွေ့လိုက်ရသလဲ သိရဲ့လား" ဟု ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်က ဝါရှင်တန်ရှိ လူထုစည်းဝေးပွဲတစ်ခုတွင် ပြောဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required