တောင်သူများလက်ထဲမှ စပါးများအား အစိုးရဝယ်ယူရန် ဆန္ဒပြတိုက်တွန်း

တောင်သူများလက်ထဲမှ စပါးများအား အစိုးရဝယ်ယူရန် ဆန္ဒပြတိုက်တွန်း

ဖေဖော်ဝါရီ ၂၅ ။               ။ ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများမှာ  ယခုနှစ်အတွင်း ရိတ်သိမ်းထားသော စပါးများအား ဝယ်ယူသူမရှိသည့် အတွက် အခက်အခဲနှင့်ကြုံတွေ့နေကြရသဖြင့် ၎င်းတို့၏ သိုလှောင်ထားသော စပါးများကို ဝယ်ယူရန် အစိုးရအား တိုက်တွန်းသည့် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို မြောက်ဦးမြို့တွင် ယနေ့နေ့လည် ၂ နာရီခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို ပြုလုပ်ရခြင်းမှာ ရိတ်သိမ်းထားသည့်စပါးများအား ဝယ်ယူသူမရှိသည့်အတွက် ငွေလုံးငွေရင်းဖြင့် မကြာမီပေးဆပ်ရတော့မည့် ချေးငွေများအား ပေးဆပ်ရန်ကြုံတွေ့နေရသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရေးအတွက် တောင်သူ ၄၀၀ ကျော်တို့က ဆန္ဒပြတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဓိကတောင်းဆိုတာကတော့ စပါးဈေးကျဆင်းနေပြီးတော့ ဝယ်ယူသူ လုံးဝမရှိ ဖြစ်နေတဲ့၊ ရောင်းချမဲ့စပါးတွေကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး   ဆောင်ရွက်ပေးဖို့အတွက်   တောင်းဆိုတာပါ။ အစိုးရအနေနဲ့ စီးပွားရေးသမားတွေကိုပဲ ဝယ်ခိုင်းခိုင်း၊ သူကိုယ်တိုင်ပဲဝယ်ဝယ် စပါးရောင်းရဖို့ပဲ အဓိကဖြစ်ပါတယ်”ဟု ပီပင်ရင်းကျေးရွာမှ ဦးစံထွန်းလှက်ကပြောသည်။

ထို့အပြင် ယခုဆန္ဒပြတောင်းဆိုခြင်းမှာ မြောက်ဦးမြို့နယ်အတွင်းမှ တောင်သူများအနေဖြင့် စပါးအရောင်းအဝယ်ဖြစ်ရေးအတွက် ဒုတိယအကြိမ်လှုပ်ရှားမှုဖြစ်ပြီး ယခုလ တတိယအပတ်ကလည်း နိုင်ငံတော်သမ္မတထံသို့ အသနားခံစာ ပို့ထားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

“အခုကျွန်တော်တို့ တောင်းဆိုမှုတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ အစိုးရကိုလည်း တိုက်တွန်းပေးမယ်လို့တော့ လွှတ်တော်ဥက္ကဋ္ဌက ပြောထားပါတယ်။ ဒါပေမယ့် စိုက်/ဘဏ်ကလည်း ကျွန်တော်တို့ပေးရမဲ့ ငွေတွေကို မတ်လအတွင်းမှာ နောက်ဆုံးထားပေးသွင်းရမယ်လို့ ပြောပါတယ်။ ဝယ်ယူသူမရှိရင်တော့ စိုက်/ဘဏ်ကို စပါးပဲပေးသွင်းရမှာဖြစ်ပါတယ်”ဟု သူက ဆက်လက်ပြောခဲ့သည်။

ယခုကဲ့သို့ စပါးဈေးအေးပြီး ဝယ်ယူသူမရှိသည့်အတွက် တောင်သူများ ရိတ်သိမ်းထားသည့် စပါးများအား ရောင်းချခွင့်မရရှိပါက လာမည့်စပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးလုပ်ကိုင်ရန်အတွက်   တောင်သူများအနေဖြင့် အခက်အခဲရှိလာနိုင်သည့်အတွက် ယခုကဲ့သို့ဆန္ဒပြတိုက်တွန်းရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း အမြင့်ဆုံးစပါးဈေးမှာ ကျပ်တစ်သိန်းခွဲထိသာရှိပြီး ဝယ်ယူသူမရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly