ထိုင်းသံပုရာသီးများကြောင့် မန္တလေး သံပုရာသီးစျေးကွက်ကျဆင်းလာ

ထိုင်းသံပုရာသီးများကြောင့် မန္တလေး သံပုရာသီးစျေးကွက်ကျဆင်းလာ

မန္တလေး၊ဖေဖော်ဝါရီ ၂၅ ။              ။ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ထိုင်းနိုင်ငံမှ သံပုရာသီးများဝင်ရောက်လာခြင်းကြောင့် သံပုရာသီးစိုက်ပျိုးသည့် တောင်သူများ ဈေးကွက်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေပြီး အရောင်းအဝယ်ကျဆင်းလျှက်ရှိနေသည်ဟု သံပုရာစိုက်တောင်သူအချို့က မဇ္ဈိမကို ပြောသည်။

သံပုရာသီးဈေးကွက်အတွင်းသို့ ထိုင်းနိုင်ငံမှ၂၀၁၆ ခုနှစ်က စတင်၍ ဝင်ရောက်လာခြင်းကြောင့် သံပုရာသီးဈေးကွက် ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် သံပုရာစိုက်ပျိုးသူ တောင်သူအများစုမှာ မိရိုးဖလာစိုက်ပျိုးကာ နီးစပ်သည့် မြို့ရွာများသို့ တင်ပို့ရောင်းချခဲ့ပြီး အချို့မှာ မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြသည်ဟုလည်း ၎င်းတို့က ရှင်းပြသည်။

စဉ့်ကိုင်မြို့နယ်မှ သံပုရာစိုက်ပျိုးသူ ကိုဝင်းနောင်က "ဒီနှစ်မှာ သိသိသာသာ ဈေးကွက်က ရပ်သွားတယ်။ ထိုင်းက အလုံးအရင်းနဲ့ ဝင်နေတယ်။ ဈေးကွက်ထဲ ထိုးဖောက်ဖို့ဆိုရင် နည်းပညာလိုလာတယ်"ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ပိဿာချိန် ၄၀ ပါသည့် သံပုရာသီး တစ်အိတ်ကို ယခင်နှစ်က ၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀ ကျပ် ရရှိနေရာမှ ယခုနှစ်တွင် ကျပ် ၁၀၀၀၀ကျော်၊ ၂၀၀၀၀ ကျပ်သာ ရရှိသည်ဟုလည်း သံပုရာစိုက်ပျိုးသည့် တောင်သူတစ်ချို့က ဆိုသည်။ ထိုင်းနိုင်ငံမှတင်ပို့သည့် သံပုရာသီး 20 kg တစ်အိတ်ကို ၁၀၀၀၀ကျပ်၊ ၁၅၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ဝင်ရောက်နေဖြစ်သည်ဟုလည်း ၎င်းတို့က ထပ်လောင်းပြောသည်။

မန္တလေးမြို့ရှိ သံပုရာသီ ပွဲရုံပိုင်ရှင်တစ်ဦးက "ယိုးဒယားသီးကို သုံးစွဲသူများလာတယ်။ ဈေးကွက်ထဲမှာ ဈေးကလည်း ကွာတယ်။ကျွန်တော်တို့ ဗမာသီးက တစ်လုံး တစ်ရာလောက် ကျတယ်။ ယိုးဒယားကကျတော့ အဲလောက်မကျဘူး။ သုံးစွဲတဲ့နေရာမှာတော့ ဗမာသီးက အနံ့၊ အရသာ ကောင်းတယ်။ အခွံထူတယ်။ ယိုးဒယားသီးက အခွံပါးတယ်။ အရည်ရွှမ်းတယ်။ ကျွန်တော့်အမြင်ကတော့ အရည်ရွှမ်းလို့၊ ဈေးသင့်လို့ သုံးစွဲသူများတာ ဖြစ်လိမ့်မယ်"ဟု သုံးသပ်ပြောဆိုသည်။

သံပုရာ စိုက်ပျိုးသူအချို့မှာ ထိုင်းနိုင်ငံမှဝင်ရောက်လာသည့် သံပုရာသီးများကို ဟန့်တားပေးရန် လိုအပ်သည်ဟုလည်း ဆိုကြသည်။

မန္တလေးတိုင်းဒေသကြီး၊သစ်သီးဝလံပန်းမံနှင့်ဟင်းသီး၊ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က "ယိုးဒယားက အသီးဝင်တဲ့အတွက် တောင်သူတွေ နစ်နာတယ်။ ဈေးကွက်ကလည်း ကျနေတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ တားလို့ရရင်လည်း တား၊ တရားလို့မရဘူးဆိုလည်း အခွန်အခ ကောက်ဖို့ အစိုးရကို တင်ပြဖို့ လုပ်သွားပါမယ်"ဟု ပြောသည်။

သံပုရာစိုက်တောင်သူများကို ဈေးကွက်နှင့်နည်းပညာ စသည်တို့ကို ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ရှောက်၊ သံပုရာ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကို စားသုံးသူရေးရာဦးစီးဌာနတွင် ဖွဲ့စည်းလိုက်သည်။

ထိုအသင်းမှ မန္တလေးတိုင်းဒေသကြီးအတွင်း သံပုရာစိုက်ပျိုးသည့် တောင်သူဦးရေနှင့် စိုက်ပျိုးမြေဧကကို စာရင်းကောက်ယူ၍ လိုအပ်သည့်နည်းပညာများ၊ ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"လိုအပ်တဲ့ နည်းပညာတွေကို နိုင်ငံတကာပညာရှင်တွေခေါ်ပြီး သင်တန်းတွေပေးသွားဖို့ စီစဉ်ပါမယ်။ အခုလို ယိုးဒယားက ဝင်နေတဲ့အသီးကို ဘယ်လိုလုပ်ရင်ရမလဲဆိုတာကို တောင်သူတွေနဲ့ ညှိနှိုင်းကြမယ်။ ရရှိလာတဲ့ အချက်တွေကို အစိုးရအဖွဲ့ကို တင်ပြသွားမယ်"ဟု သစ်သီးဝလံပန်းမံနှင့် ဟင်းသီး၊ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင် က ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာ ဦးစီးဌာန၊ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဦးက "ဈေးကွက်စီးပွားရေးစနစ်ဆိုတော့ တားလို့တော့ မရဘူး။ သူတို့ထက် သာအောင်လုပ်ဖို့ပဲ လိုတယ်"ဟု ပြောသည်။

သံပုရာစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခုဖွဲ့စည်းလိုက်သည့် အသင်းအနေဖြင့် ဈေးကွက်၊ နည်းပညာနှင့်လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်လိမ်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly