အက်စ်ဒီ အဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ယနေ့ ကျင်းပ

အက်စ်ဒီ အဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ယနေ့ ကျင်းပ
SD အဖွဲ့ နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး။ ဓာတ်ပုံ- Aung Moe Myint facebook

ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်(ယနေ့)တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်လျက်ရှိသည်။

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ရန်ကုန်ဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ သော အချက်များကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကို တင်ပြကာ ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း SD အဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

ပဒိုကွယ်ထူးဝင်းက “ထိပ်သီးခေါင်းဆောင်တွေကို ကျွန်တော်တို့ SD က report လုပ်ရမှာ။ ကျွန်တော်တို့ ရန်ကုန်မှာ ဆွေးနွေးလာခဲ့တဲ့ ရလဒ်တွေ၊ အခက်အခဲတွေ၊ ရှေ့ဆက် ဘယ်လိုဆောင် ရွက်၊ ဆုံးဖြတ်မယ်ဆိုတဲ့ လမ်းညွန်မှုကို ခံယူရမှာပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ထိပ်သီးခေါင်းဆောင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ရန် အရေးကြီးသည့် အစည်းအဝေးလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“အင်န်စီအေ (အပစ်ရပ် စာချုပ်) ရရှိဖို့အတွက် အရေးကြီးတာပေါ့။ ကျွန်တော်တို့ တင်ပြချက်နဲ့ အတည်ပြုမှု ပြန်ယူရမှာဖြစ်ပါတယ်။ အက်စ်ဒီအဖွဲ့က သဘောတူညီမှု ရယူလို့ရတယ်။ ဒါပေမဲ့ အတည် ပြုလို့ မရဘူးလေ။ အတည်ပြုပေးဖို့က ထိပ်သီးခေါင်းဆောင်တွေပဲ” ဟု ၎င်းက ပြောသည်။  

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)  ကိုယ်စားလှယ် အဖွဲ့ နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို ဇူလိုင်လ ၂၂ ရက် မှ ၂၄ ရက်ထိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။  

ယင်းဆွေးနွေးပွဲတွင် ပြီးခဲ့သည့် မတ် ၃၁ ရက်က သဘောတူခဲ့သော အင်န်စီအေ အတည်ပြု မူကြမ်းအပေါ် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ပြင်ဆင်ဖြည့်စွက်ထားသော အချက် ၁၃ ချက် ကို အခြေခံ၍ ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

လာမည့် သြဂုတ်လ ပထမပတ်တွင် အစိုးရနှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ပြန်လည်ပြုလုပ်၍ အင်န်စီအေ မူကြမ်းကို အချောသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အက်စ်ဒီကတော့ ရွေးကောက်ပွဲ မတိုင်ခင်တော့ အကုန်လုံး သဘောတူညီနိုင်ဖို့ လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်မယ်ဆိုတာပဲ ပါတယ်။ လက်မှတ်ရေးထိုးမယ်ဆိုတာ မပါသေးဘူး” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ဆွေးနွေးပွဲကို ဇူလိုင် ၂၇ ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly