ရခိုင်ပြည်နယ်၏ ပထမဆုံးသော အထည်ချုပ်စက်ရုံအဖြစ် စစ်တွေမြို့တွင် ဖွင့်လှစ်

ရခိုင်ပြည်နယ်၏ ပထမဆုံးသော အထည်ချုပ်စက်ရုံအဖြစ် စစ်တွေမြို့တွင် ဖွင့်လှစ်

စစ်တွေ၊ဖေဖော်ဝါရီ ၂၅။                ။  ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ ကျဆင်းနေချိန်တွင် စီးပွားရေးလုပ်ငန်းသစ်တစ်ခုဖြစ်သည့် အထည်ချုပ်စက်ရုံတစ်ခုကို စစ်တွေမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံကို ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစက်ရုံကို ရခိုင်ပြည်နယ်အတွင်း တည်ထောင်ရခြင်းမှာ အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြရသည့်အတွက် အလုပ်လက်မဲ့ပြဿနာ များအား ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “အခုလိုမျိုးစက်ရုံ ဖွင့်လှစ်ခြင်းအားဖြင့် တခြားမြို့နယ်၊ ပြည်နယ်တွေကို အလုပ်သွားရောက်လုပ်နေရတဲ့ ရခိုင်ဒေသက အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို လျော့ချပေးနိုင်မယ်လို့ ထင်ပါတယ်။
အလုပ်ခန့်ထားတာကတော့ မော်တာစက်ကျွမ်းကျင်သူတွေအပါအဝင် စုစုပေါင်း ၈၁ ယောက် ရှိပါတယ်။ လောလောဆယ် ချုပ်နေတာက ကျောင်းဝတ်စုံတွေကို ချုပ်နေပါတယ်။ အဓိက က ကျွန်တော်တို့ ရခိုင်ဒေသက မိန်းကလေးတွေ အလုပ်အကိုင်ရရှိလာဖို့ အတွက်ပါ။ စီးပွားရေအရတော့ သိပ်ပြီး အတွက်ခြေကိုက်မှာ မဟုတ်ပါဘူး’’ ဟု စမတ်အထည်ချုပ်စက်ရုံပိုင်ရှင် ဦးမင်းဇော်က ဆိုသည်။

စက်ရုံအလုပ်သမားများ နေရေးထိုင်ရေးနှင့် အခြားသောအခက်အခဲများ ရှိနေသေးသည့်အတွက် လောလောဆယ်တွင် အလုပ်သမား ၈၁ ဦးကိုသာ ခန့်အပ်တာဝန်ပေးထားနိုင်ခဲ့ပြီး နောက်ပိုင်းမှသာ တိုးချဲ့ခန့်အပ်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

ယင်းစက်ရုံမှ ကျောင်းသားများ အရည်အသွေးကောင်းမွန်သည့် ဝတ်စုံများကို ဝတ်ဆင်နိုင်ရန်အတွက် ကျောင်းဝတ်စုံများကိုသာ အဓိကထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး စက်ရုံဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာနတို့က အကူအညီပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly