NCA စာချုပ် ပြောင်းလဲခြင်းမရှိဘဲ ညှိနှိုင်းရေးလမ်းကြောင်းအတိုင်းသာ UNFC ရှေ့ဆက်မည်

NCA စာချုပ် ပြောင်းလဲခြင်းမရှိဘဲ ညှိနှိုင်းရေးလမ်းကြောင်းအတိုင်းသာ UNFC ရှေ့ဆက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ။                 ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေဖြင့် NCA စာချုပ်အပေါ်တွင် ပြောင်းလဲခြင်း မရှိဘဲ နဂိုမူလ ချမှတ်ထားသည့် အစီအစဉ်အတိုင်းသာ ဆက်သွားမည်ဟု UNFC အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောဆိုလိုက်သည်။

“UNFC အနေနဲ့ မူလ ချထားတဲ့မူအတိုင်း တစ်စုံတရာဆုံးဖြတ်ချက်ချတာမျိုးတွေ ပြောင်းလဲတာမျိုးတွေ မရှိသေးပဲ ဒီအတိုင်းဆက်သွားပါမယ်” ဟု ဆိုသည်။

အပစ်မရပ်တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က  သုံးရက်ကြာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) ဌာနချုပ် ပန်ခမ်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး NCA မထိုးရန်အပါအဝင် အချက် ၉ ချက်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က ကြေညာခဲ့သည်။

ထိုအစည်းအဝေးတွင် UWSA ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခြင်း အပါအဝင်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မခံဘဲ တရားမျှတမှု ရှိသော အပစ်အခတ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် စသည့်အချက်များ ပါဝင်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် ကိစ္စရပ်အပေါ်တွင် အစိုးရနှင့် ညှိနှိုင်းရန် အချက် (၈) ချက်ကျန်ရှိနေပြီး အဆင်ပြေပါက လက်မှတ်ရေးထိုးသွားမည်ဟု UNFC က သဘောထားချမှတ်ထားသည်။

အဆိုပါ အချက်(၈)ချက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး အာမခံချက်ရရှိရန်၊ ၂၁ ရာစု ပင်လုံညီလာခံက ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဌာန်းရန်၊ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်မှာ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍတိုးမြှင့်ရန် စသည့် အချက်များ ပါဝင်သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) ဌာနချုပ် ပန်ခမ်းတွင် ပြုလုပ်သည့် အစည်းအဝေးသို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့(MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ၊ မြန်မာအမျိုသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(PSA/NDAA)၊ ရက္ခိုင့် တပ်မတော်(ULA/AA)တို့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များ ကိုယ်စားလှယ်ပေါင်း ၃၇ ဦး တက်ရောက်ခဲ့သည်။

မွန်ပြည်သစ်ပါတီ (MNSP)နှင့် ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ (KNPP)က တက်ရောက်ခြင်း မရှိပေမယ့်လည်း နိုင်ငံရေးစာတမ်း တင်သွင်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required