နိုင်ငံခြားသားများပါဝင်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီး ဖမ်းမိ

နိုင်ငံခြားသားများပါဝင်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီး ဖမ်းမိ

နိုင်ငံခြားသားများပါဝင်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီးကို ငွေကျပ်သန်း ပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမြောက်အမြား ဖော်ထုတ် သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ ၁၆ ဦး ဖမ်းဆီး ရမိရေး ပြည်တွင်း/ပြည်ပ တားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခု မူးယစ်ဆေးဝါးအမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့် နိုင်ငံတကာဈေးကွက်ကို တင်ပို့ဖို့ စီစဉ်နေကြောင်း သတင်းရလို့ စုံစမ်းထောက်လှမ်းခဲ့ရာမှာ ၂ဝ၁၆ နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါမယ့် တရုတ် (တိုင်ပေ)နိုင်ငံသား CAI JENG ZE အား ကတ်တမင်း ၁၆ဝ ဂရမ်နဲ့အတူ စတင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

၎င်းနောက် နိုဝင်ဘာ ၁၇ ရက်က ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်မှာ တရုတ် (ဟောင်ကောင်) နိုင်ငံသား HUNG CHING KIN နဲ့  တရုတ် (တိုင်ပေ)နိုင်ငံသား WANG WEI JUNG တို့ရဲ့ ကွန်တိန်နာ မော်တော်ယာဉ်နဲ့ သယ် ဆောင်လာတဲ့ အိုက်စ် ၁၁၁ဝ ကီလို အား လက်ရသိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ တရုတ်(တိုင်ပေ)နိုင်ငံသား LIN SHIH CHANGနဲ့  LIN CHENG CHUN တို့ကို ကတ်တမင်း ၆၂၂ ဒသမ ၃ ကီလိုနဲအတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများကို အက်ဒမန်ပင်လယ်ပြင်မှာ စောင့်ဆိုင်းသယ်ယူမယ့် ပင်လယ်ကူးသင်္ဘောသို့ ဖျာပုံဆိပ်ကမ်းမှတစ်ဆင့် ငါးဖမ်းစက်လှေဖြင့် ပို့ဆောင်ရန်အတွက် စက်လှေငှားရမ်းရန် စီစဉ်ခဲ့သူ အောင်ကျော်မြင့် (ခ) ထန်လျန်ခုပ်နေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရှိ နေအိမ်ကို ဒီဇင်ဘာ ၁ဝ ရက်က ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်နေပြီး နေအိမ်မျက်နှာကြက်နှင့် ခေါင်မိုးကြားတွင် လျှို့ဝှက်သိမ်းဆည်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆၆၄၆ဝ နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်ကိုလည်းကောင်း၊ နိုင်ငံခြားသားများအတွက် မူးယစ်ဆေးဝါးများရရှိရန်နှင့် သယ်ပို့ရန် အားပေးကူညီဆောင်ရွက်ပေးသူ ရန်ခိုင်းကွဲ့နှင့်ဇနီး မရန်ရင်ဟွေ့တို့နေထိုင်တဲ့ နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁)ကျေးရွာ ပတ္တမြားလမ်း အိမ်အမှတ်(၄၈) နေအိမ်ကို ဒီဇင်ဘာ ၁၁ ရက်က ရှာဖွေရာ ၎င်းတို့အား မတွေ့ရှိဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝ၊ ၉ မမ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည် ၅၁ တောင့်တို့အားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့ပြီး အမှုမှ တိမ်းရှောင်နေသူ ရန်ခိုင်းကွဲ့နှင့်ဇနီး မရန်ရင်ဟွေ့တို့အား ဒီဇင်ဘာ ၁၂ ရက်တွင် လားရှိုးမြို့မှာ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်ငံခြားသားများပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေသန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ၊ မော်တော်ယာဉ် ၁ဝ စီး၊ ဆိုင်ကယ် ၁ စီး၊ မြန်မာငွေကျပ် ၄ ဒသမ ၈ သိန်း၊ အမေရိကန်ငွေဒေါ်လာ ၉၂၉ဝ၊ တရုတ်ငွေ ၆၇ဝ၄ ယွမ်၊ ဟောင်ကောင် ငွေ ၅ဝဝဝ ဒေါ်လာ၊ ထိုင်ဝမ်ငွေ ၃ဝဝ ဒေါ်လာ၊ ထိုင်းငွေ ၂ဝ၂ဝဘတ်၊ ဖိလစ်ပိုင် ငွေ ၆၅ဝ ပီဆို၊ ရွှေထည်ပစ္စည်း ကိုးမျိုးတို့နဲ့အတူဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

ဖမ်းမိတရားခံတရုတ် (ဟောင်ကောင်) နိုင်ငံသား ၁ ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသား ၄ ဦး၊ မြန်မာနိုင်ငံသား ၄ ဦး၊ ပေါင်း ၉ ဦး၊ တိမ်းရှောင်ထွက်ပြေးနေတဲ့ တရားခံ တရုတ်နိုင်ငံသား ၁ ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသား ၄ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံသား ၁ဝ ဦး၊ ပေါင်း ၁၆ ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ အမှုဖွင့် အရေးယူထားပြီး ၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် ပြည်တွင်း/ပြည်ပ တားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Source: MOI Webportal Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required