အဌားယာဉ်မောင်း ဦးနေဝင်းအား ဇန်နဝါလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်

အဌားယာဉ်မောင်း ဦးနေဝင်းအား ဇန်နဝါလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေးပုဂ္ဂိုလ် တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီအား အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူကို လိုက်လံ ဖမ်းဆီးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အဌားယာဉ်မောင်း ဦးနေဝင်း(ခ)ဦးဝင်းလွင်အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် ချီးကျုး ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ပြီး "ပြည်သူသို့ ကျေးဇူးတင်လွှာ"ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

"နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဦးနေဝင်းကဲ့သို့ပင် ရဲရင့်ခြင် ၊ စွန့်လွှတ်ခြင်း၊ တာဝန်သိခြင်းတို့ ပြည့်စုံသော ပြည်သူတစ်ယောက်အနေဖြင့် မြင့်မြတ်သော လုပ်ဆောင်ချက်၊ မတရားမှုကို ဆန့်ကျင်မှုတို့ဖြင့် နိုင်ငံသားကောင်း စိတ်ဓာတ် အရင်းခံ၍ အနာဂတ်နိုင်ငံ တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင် ကူညီပေးကြခြင်းဖြင့် အေးချမ်းတည်ငြိမ် လုံခြုံသော လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးကြရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်"ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက် လူသတ်သမားအား ဖမ်းဆီးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဦးနေဝင်း(ခ)ဦးဝင်းလွင် အသက် ၄၈ နှစ်ဟာ အဖ ဦးမောင်မောင်၊ အမိ ဒေါ်လျူငွေဟောင်(ခ)ဒေါ်မြင့်ရီတို့ရဲ့ တတိယမြောက် သားဖြစ်ပြီး လမ်းမတော်မြို့နယ်နေ မစန်းရီနှင့် အိမ်ထောင်ပြုခဲ့ကာ သမီး မပြည့်ပြည့်အား မွေးဖွားခဲ့ပြီး မစန်းရီနှင့် အိမ်ထောင်ကွဲခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဒုတိယ ဇနီး ဒေါ်စုသက်ခိုင်နှင့် ၇ နှစ်၊ ၃ နှစ်ခွဲနှင့် ၄၅ ရက်သားအရွယ် သားသုံးဦးတို့ ကျန်ရစ်ခဲ့ပြီး၊ ကျန်ရစ်သူ မိသားစုများမှာ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃၀၊ မြတောင်ညို ၁ လမ်း ၊ ကြံခင်းစုရပ်ကွက်မှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

Source: နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required