နေတန်ယာဟုနဲ့ အပြုသဘောဆောင် ဆွေးနွေးခဲ့ဟု သြစတြေးလျ အတိုက်အခံခေါင်းဆောင်ပြော

နေတန်ယာဟုနဲ့ အပြုသဘောဆောင် ဆွေးနွေးခဲ့ဟု သြစတြေးလျ အတိုက်အခံခေါင်းဆောင်ပြော

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၄ ။            ။ ပါလက်စတိုင်းပိုင်နက်မှာ လူနေအိမ်ရာတည်ဆောက်မှုနဲ့ ပတ်သက်ပြီး အလည်အပတ်ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အပြုသဘောဆောင်   ဆွေးနွေးနိုင်ခဲ့တယ်လို့ သြစတြေးလျအတိုက်အခံခေါင်းဆောင်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

အနောက်ဖက်ကမ်းခြေက ထိလွယ်ရှလွယ် အိမ်ရာတည်ဆောက်မှုပြဿနာကိစ္စရပ်နဲ့ ပတ်သက်ပြီး နေတန်ယာဟုနဲ့ ရှင်းလင်းပြတ်သားတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သြစတြေးလျ အလုပ်သမားပါတီရဲ့ အကြီးအကဲ ဘီလ်ရှော့တန်က ပြောပြီး အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို နှစ်နိုင်ငံပူးတွဲတည်ရှိမှုနဲ့ ဖြေရှင်းသွားရေးကို ထောက်ခံကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့တယ်လို့ သြစတြေးလျသတင်းဌာနက ဖော်ပြပါတယ်။

“အစ္စရေး ဘေးကင်းရေးနဲ့ နယ်စပ်လုံခြုံရေးကို ကျွန်တော်တို့ တွေ့မြင်လိုတယ်။ ဒီအတူပဲ ပါလက်စတိုင်းပြည်သူတွေအတွက်လည်း ကိုယ်ပိုင်နိုင်ငံရှိရမယ့် အခွင့်အရေးကိုလည်း ကျွန်တော်တို့ ထောက်ခံတယ်။”လို့ အတိုက်အခံခေါင်းဆောင် ရှော့တန်က ပြောပါတယ်။

ဒါအပြင် အစ္စရေးရဲ့ လူနေအိမ်ရာတည်ဆောက်မှုဟာ ငြိမ်းချမ်းရေးကို လမ်းပိတ်ဆို့စေတယ်လို့ ရှော့တန်က ဝေဖန်ပြောဆိုပါတယ်။

နေတန်ယာဟုဟာ သြစတြေးလျနိုင်ငံကို ဖေဖော်ဝါရီ ၂၂ ရက်က လေးရက်တာ ခရီးစဉ် ရောက်ရှိနေတာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ်ဖြစ်သူ မယ်ကွန်တန်ဘောနဲ့လည်း တွေ့ဆုံပါတယ်။

အခုခရီးစဉ်မှာ နိုင်ငံရေးကိစ္စရပ်တွေ ဆွေးနွေးတာအပြင် အပြန်အလှန်ကုန်သွယ်ရေး၊ သိပ္ပံနဲ့ တီထွင်ဆန်းသစ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရည်ရွယ်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags