VX ခေါ် ဓာတုအဆိပ်တစ်မျိုးကြောင့် ကင်မ်ဂျံုနမ် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မလေးရှား ပြော

VX ခေါ် ဓာတုအဆိပ်တစ်မျိုးကြောင့် ကင်မ်ဂျံုနမ် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မလေးရှား ပြော

ဖေဖော်ဝါရီ ၂၄ ။               ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အကို ကင်မ်ဂျုံနမ်မှာ VX ခေါ် အာရုံကြောထိခိုက်ပျက်ပြားစေသည့် ဓာတုအဆိပ်တစ်မျိုးဖြင့် လုပ်ကြံခံလိုက်ရခြင်းဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်သွားသည်။

ကနဦး စုံစမ်းစစ်ဆေးချက်များအရ ကင်မ်ဂျုံနမ် တိုက်ခိုက်သွားသူတို့ အဓိကအသုံးပြုသွားသည့် လက်နက်မှာ ယင်း VX ဆိုသည့် ဓာတုအဆိပ်တစ်မျိုးပင်ဖြစ်ကြောင်း မလေးရှားတို့က ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ယင်း VX အဆိပ်မှာ ဓာတုလက်နက်တစ်ခုအဖြစ် စာရင်းသွင်းထားသည့် အဆိပ်တစ်မျိုးဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်သွားသည်။ ယင်း VX အဆိပ်ကို ၁၉၉၇ ခုနှစ် နှင့် ၂၀၀၅ ခုနှစ်တို့က ကျင်းပထားသည့် ဓာတုလက်နက်များဆိုင်ရာ ကွန်ဗင်းရှင်းတို့တွင် ဓာတုလက်နက်တစ်ခုအဖြစ် စာရင်းသွင်းထားခဲ့ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့  နိုင်ငံတကာက တားမြစ်ထားသည့် ဓာတုလက်နက်ဖြင့် လူသိများသည့် ပုဂ္ဂိုလ်တစ်ဦး တိုက်ခိုက်လုပ်ကြံခံလိုက်ရခြင်းအပေါ် မလေးရှားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မည်ကဲ့သို့ ဆက်လက်ကိုင်တွယ်သွားမည်ဆိုသည်မှာ စိတ်ဝင်းစားစရာ ကောင်းလာခဲ့ပြီဖြစ်သည်။

VX အဆိပ်မှာ အာရုံကြောထိခိုက်ပျက်ပြားစေသည့် အဆိပ်အုပ်စုဝင် အဆိပ်တစ်မျိုးဖြစ်ကာ ယင်းဖြင့် တိုက်ခိုက်ခံရသူမှာ ကြွက်သားများ ထိန်းမရနိုင်လောက်အောင် ကျုံ့လာနိုင်ပြီးနောက်ဆုံးတွင် အသက်ရှုရပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required