NCA လက်မှတ်ထိုး၊ မထိုး တိုက်ရိုက်မေးခွန်းအပေါ် အဖြေမထုတ်စေလိုကြောင်း ဗိုလ်ချုပ် ဂွမ်မော် ပြော

NCA လက်မှတ်ထိုး၊ မထိုး တိုက်ရိုက်မေးခွန်းအပေါ် အဖြေမထုတ်စေလိုကြောင်း ဗိုလ်ချုပ် ဂွမ်မော် ပြော
ဓာတ်ပုံ-ဘိုဘို(မဇ္ဈိမ)

ဖေဖော်ဝါရီလ ၂၄ ။              ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးရေး၊ မထိုးရေး မေးခွန်းအပေါ် အဖြေမပေးကြရန် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုလိုက်သည်။

NCA ကို လက်မှတ်ထိုး၊ မထိုးမထိုးကို သတင်းဌာနများနှင့် လူပုဂ္ဂိုလ်အတော်များများက မေးမြန်းမှုများ ရှိသော်လည်း မည်သည့်အကြောင်းကြောင့် လက်မှတ်မထိုးရတာလဲ ဟူသော မေးခွန်းမေးမြန်းသူ နည်းပါးကြောင်းနှင့် အစိုးရကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများကို စာမျက်နှာ ၂ စာမျက်နှာကျော် ရှင်းလင်းထားသည့်စာကို သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

“UNFC အဖွဲ့ဝင်များနဲ့ အစိုးရ ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေးနေကြဆဲဆိုတာကို အသိအမှတ်ပြုရင်းနဲ့ ထိုးမှာလား၊ မထိုးဘူးလားလို့ တိုက်ရိုက်မေးခွန်းအပေါ်မှာ အဖြေ မထုတ်ကြစေလိုပါ”ဟု ဗိုလ်ချုပ် ဂွမ်မော်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရေးသားထားသော စာတွင် ဖော်ပြထားသည်။

NCA ကို စတင်တောင်းဆိုခဲ့သူများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)ဘက်မှ ဖြစ်ပြီး EAOs ကွန်ဖရင့်မှ NCCT ခေါ် ညှိနိုင်းရေးအဖွဲ့ကို တာဝန်ပေးအပ်၍ NCA လက်မှတ်ထိုးရန် အဆင်သင့် ဖြစ်သည်အထိ အစိုးရကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပြီး အန်စီအေကို လက်မှတ်ထိုးနိုင်ရန်အတွက် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

အစိုးရဘက်မှ NCA မူကြမ်း ၄ စောင်နှင့် EAOs ဘက်မှ NCA မူကြမ်း ၁ စောင် စုစုပေါင်း မူကြမ်း ၅ စောင်ကို မူကြမ်း တစ်ခုတည်း ရရှိရေးအတွက် Single Text ညှိနှိုင်းခဲ့ပြီး ပထမ မူကြမ်းနှင့် ဒုတိယ မူကြမ်းအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြုလုပ်သည့် UWPC နှင့် NCCT တို့ ဆွေးနွေးပွဲတွင် ပဉ္စမမူကြမ်း ရရှိခဲ့ပြီး တစ်ဖက်လျှင် ၅ ဦးဆီ မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့မှုအပေါ် တစ်နိုင်ငံလုံးက ပြည်သူအများအပြားက NCA အပြီးသတ် ဆွေးနွေးသွားပြီဟု အမှတ်မှားခဲ့ကြသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

NCA ပဉ္စမမူကြမ်းကို အတည်ပြု မူကြမ်းအဖြစ် ခေါ်ဆိုသော်လည်း အတည်ပြုချက် မရှိသေးသော မူကြမ်းတစ်စောင်အဖြစ်ရှိနေဆဲ ဖြစ်ကြောင်းနှင့် အန်စီအေကို အတည်ကို ဆက်လက် ညှိနှိုင်းရန်လိုနေနေသေးသည်ဟု ယူဆသည့်အဖွဲ့က လက်မှတ်မထိုးခဲ့ကြောင်း ထည့်သွင်းေရေးသားထားသည်။

၎င်းပဉ္စမမူကြမ်းသည် မညှိနှိုင်းသေးသည့် အကြောင်းအရာများ ကျန်နေသေးသဖြင့် အတည်ပြုမူကြမ်းကို EAOs ကွန်ဖရင့်က အတည်ပြုပေးရန် လိုအပ်နေသေးခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ခိုင်မာသည့် နိုင်ငံရေးအာမခံချက်ပေးနိုင်သည့ စာချုပ်ဖြစ်စေလို၍ သေချာရန် ဆွေးနွေးနေကြခြင်း ဖြစ်၍ အန်စီအေ လက်မှတ်မထိုးသေးသူများကို ငြိမ်းချမ်ေးရး မလိုလားသူများဟု မယူဆစေလိုကြောင်း ပန်ကြားထားသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှဖွဲ့စည်းထားသောနိုင်ငံရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)မှ အချက်၈ချက် ကို ဆွေးနွေးနေဆဲ ဖြစ်သည်။ လာမည့် မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required