အာဃာတတွေ ခဝါချလေ

အာဃာတတွေ ခဝါချလေ

မွေးရာမှသည် လွန်သည့်ကြား၌ ဘဝဆိုသော အခိုက်အတန့်တစ်ခု ရှိသည်။ အချို့က အခိုက်အတန့်တိုတိုသာ ရသည်၊ အချို့ကား အခိုက်အတန့် ရှည်ကြာကြသည်။ မကွယ်လွန်ခင်က တင့်တယ်စွာ နေဖို့ စားဖို့ ဘဝအရသာကို ခံစားကြဖို့ လူအများက တွေးတော ငေးမော ကြိုးကုတ် အားထုတ်ကြသည်။ သေသောအခါ ဘာများ ယူသွားနိုင်သနည်း။ 

ရှိခဲ့ဖူးသော ဥစ္စာစည်းစိမ်၊ ရွှေငွေအသပြာတို့ကို ချန်ထားခဲ့ရသည်။ မိမိပြုသော ကုသိုလ်/ အကုသိုလ် ကံကြွင်းတို့သည်သာ မိမိနောက်သို့ ဖဝါးခြေထပ် လိုက်ပါသွားကြသည်ဟု ဗုဒ္ဓဘာသာဝင်တို့က သက်ဝင်ယုံကြည်ကြလေသည်။

သူသူကိုယ်ကိုယ် လူအများတို့သည် မသေခင်စပ်ကြားတွင် ငါမှငါ ငါသိငါတတ် ငါသာမြတ်ဟု အတ္တကြီးကြီး၊ င့ါဥစ္စာ င့ါဟာ ငါ့အတွက် ငါ့မိသားစုအတွက်နှင့် လောဘကြီးကြီး၊ ငါ့သား ငါ့သမီး င့ါမယား ငါ့ခင်ပွန်း မကြည့်နှင့် မပြောနှင့် မထိနှင့် မသောနှင့်ဟုဆိုကာ ဒေါသကြီးကြီး၊ မိမိအရေးနှင့် အများအကျိုး၊ မိမိတို့ တပ်အင်အားရှိရေးနှင့် တိုင်းပြည်အကျိုး မကွဲပြားနိုင် မခြားနားနိုင်ဘဲ ကမ္ဘာ့ အလယ် မွဲပြာကျလည်း အရေးမလုပ် ပြေးမဆုတ်ဘဲ တွေဝေမိန်းမော မောဟကြီးကြီးစသည်အားဖြင့် ဒုက္ခကြီးကြီးများများနှင့် ရှေ့ရေးနောက်ဘေး မည်သို့မျှ မကြောက်မရွံ့ လူမိုက်အသက်ရှည် နေသွားသူလည်း များခဲ့ကြပြီဖြစ်သည်။

စစ်အာဏာရှင်များသည် စစ်အစိုးရ အဆက်ဆက်တွင် အရှင်သခင်ပုံဖမ်းကာ တိုင်းသူ ပြည်သား လူအများကို နှိပ်စက်ကလူ ပြုခဲ့သည်။ ပညာရှင်၊ သဘင်သည်၊ ပန်းချီဆရာ၊ ရုပ်ရှင်မင်းသား၊ ရှေ့နေ၊ စာရေးဆရာ၊ ဆရာဝန်၊ အစိုးရအရာရှိဟောင်းနှင့် တက္ကသိုလ်ကျောင်း ဆရာဆရာမများ ပါမကျန် အာခံသူမှန်သမျှကို ဒုက္ခဆိုးဆိုး ပုံအမျိုးမျိုးဖြင့် ကြောက်အောင် လန့်အောင် ခြိမ်းခြောက် ရန်ပြု၊ အံ့တုမှု မရှိစေဘဲ အစွယ်ချိုး၊ အရိုးချေ၊ စီးပွားပျက်၊ ဘေးဘက်ကပ်၊ အပူလုံးကြွပြီး လူလုံးမလှ စေရန် ယုတ်ညံ့သော စိတ်ဆိုး ဉာဏ်ဆိုးနှင့် လုပ်ဆောင်ခဲ့ကြသည်။

မိသားစုကွဲသူကွဲ၊ တိုင်းပြည်နယ်နိမိတ်ကျော် ထွက်ပြေးသူပြေး၊ နှစ်ရှည်လများ ထောင်ကျသူ ကျ၊ သတ်သေသူက သေ၊ ဘဝရော အလှပါ ပျက်သူပျက်နှင့် စစ်အစိုးရနှင့် ၎င်း၏ အနွယ်တော် ဆိုးယုတ်သူများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဘက်တော်သားများကို ဒုက္ခပေးခဲ့ကြသည်။ အမှန်တရားသည် တစ်နေ့တွင် အောင်ပွဲခံမြဲဖြစ်ရာ ဒုက္ခပေးသူများ ကိုယ်တိုင်သည်လည်း တစ်နေ့တွင် ဒုက္ခရောက်မြဲ ဖြစ်ပါသည်။ အချို့က ကြီးကြီးမားမား ဒုက္ခရောက်သည်၊ အချို့က ဒုက္ခမရောက် သယောင် အမြင်မျိုးဖြင့် အတွင်းဘက်က အဆမတန် ဒုက္ခရောက်ကြသည်။ ကိုယ်ပြုသော ကံ၊ ပဲ့တင်သံ ကိုယ့်ထံပြန်လာမြဲတည်း။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် မကြာမီ ရက်ပေါင်း ၁၀၀ ကျော်အတွင်း ကျင်းပတော့ မည်ဖြစ်သည်။ တိုင်းပြည်သည် ဖိထောင်းသူများကြောင့် ကျေမွပျက်ပြုန်း၊ လူထုမှာလည်း ဥပဒေ အထက်နေ နှိပ်စက်သူများကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝမရဘဲ ကြောက်တလန့်လန့် ရှိနေရဆဲ ဖြစ်သည်။ လူသားတစ်ဦး၏ အခွင့်အရေး(ဝါ) လူ့အခွင့်အရေးကို မြန်မာနိုင်ငံသားတိုင်းသည် ကောင်းစွာရထိုက်သည်ချည်း ဖြစ်ပါသည်။ စစ်အစိုးရအဆက်ဆက် ဖျက်ဆီးပစ်ခဲ့သော အရှေ့တောင် အာရှ၏ ထိပ်တန်းတိုင်းနိုင်ငံ မြန်မာသည်လည်း ရွှေထီးဆောင်းခေတ် ပြန်မရောက်နိုင်သည့်တိုင် ငြိမ်းချမ်းစိုပြည် အေးချမ်းမှုနဂိုနေဖြင့် တင့်လှပေဟန် ရှိရာပေသည်။

တိုင်းပြည်အရေးအရာများဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး သုံးမဏ္ဍိုင် ကိုကိုင် ထုံး၊ စံ များကို နှိမ်နင်းပိုင်ပိုင် ချိန်တွယ် ထိန်းကျောင်း တည့်မတ် လမ်းညွှန် ဦးဆောင်မှုအရာတွင် တည်ရမည့်သူများသည် လည်းကောင်း၊ များမကြာမီတွင် ယင်းမဏ္ဍိုင်များဆီသို့ ရောက်လာမည့် သူများသည်လည်းကောင်း မြန်မာ့လက်ရှိအရေးနှင့် အနာဂတ်ရေးကို မြိုင်မြိုင်ဆိုင်ဆိုင် တွန်းထိုး ဆောင်ရွက်ရန်မှာ အလွန်တရာ အရေးကြီးနေပါသည်။ သို့ဖြစ်ရာ အရှေ့အနောက် တောင်မြောက် ဝဲယာ အထက်အညာ အောက်အကျေက ခံရသမျှ ဘေးဒုက္ခတို့ကိုလည်းကောင်း၊ စံရသမျှ မာန်မာန နှင့် စည်းစိမ်ချမ်းသာတို့ကို လည်းကောင်း၊ ရှိရှိသမျှ အာဃာတတို့ကိုလည်းကောင်း မလွယ်သည့်တိုင် ခဝါချပြီး အမျိုးသားချင်း(ဝါ) တိုင်းနိုင်ငံသားချင်း သင့်မြတ်ကြခြင်းဖြင့် အသစ်ပုံမြန်မာကို ဝိုင်းကာ ဝန်းကာဖြင့် ညီတူပြိုင်တူ အဆင့်မြင့်ရာဆီကို တွန်းနိုင်ကြပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags