သူရရွှေမန်းနှင့် ရုပ်ရှင်ဂီတအစည်းအရုံးများ ပူးပေါင်းဖေ့ဘွတ်ခ် ဖွင့်လှစ်

သူရရွှေမန်းနှင့် ရုပ်ရှင်ဂီတအစည်းအရုံးများ ပူးပေါင်းဖေ့ဘွတ်ခ် ဖွင့်လှစ်

တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် “တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ၏ အခန်းကဏ္ဍ” အမည်ရှိ ဖေ့ဘွတ်ခ်စာမျက်နှာ ကို ယနေ့ ဖေဖော်ဝါရီလ ၂၃ရက်မှ  စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ယင်း ဖေ့ဘွတ်ခ်စာမျက်နှာကို သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ   လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့်   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်း အရုံးတို့ပူးပေါင်းပြီး ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ယင်းဖေ့ဘွတ်ခ်လိပ်စာမှာ https://www.facebook.com/RuleOfLawAndRoleOfPublic/ ဖြစ်ပြီး ဖေ့ဘွတ်ခ်သည် မြန်မာပြည်သူများအကြား အသုံးပြုမှုများသည့်အတွက် ၎င်းကို အသုံးချပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ သိသင့်သိထိုက်သည့် ကိစ္စရပ်များကို အသိပေးနိုင်ရန် ပညာပေးဇာတ်လမ်းများ ရိုက်ကူးတင်ဆက်သွားမည်ဟု  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

“ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေပေါင်း (၁၃၀၆) ခု ရှိတယ်ဆိုတော့ ပြည်သူတွေလည်း အကုန်မသိနိုင်ဘူး။ သက် ဆိုင်ရာဝန်ကြီးဌာနတွေတောင်မှပဲ သူတို့နဲ့သက်ဆိုင်တဲ့ဥပဒေတွေ ဘယ်လိုအနေအထားရှိတယ်ဆိုတာတောင် မသိတဲ့အနေအထားဖြစ်တယ်လို့ ခုနက ကော်မရှင်ကပုဂ္ဂိုလ်က ပြောသွားတော့ ပြည်သူတွေနဲ့ ဥပဒေတွေ ဘယ်လောက်ကင်းကွာသလဲဆိုတာ သိသာပါတယ်။ အဲဒါလေးကို ပြည်သူတွေ သိသွားအောင် နီးစပ်သွား အောင် ကျွန်တော်တို့က ဆောင်ရွက်တာပါ။ ပြည်သူတွေ သွားရင်းလာရင်း သိသွားရအောင်ပေါ့”  ဟု  ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် အစိုးရက အဓိကတာဝန်ရှိသလို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ များကလည်း ဝိုင်းဝန်းကူညီရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ဆိုသည်။

ထို့အပြင် ယင်း ဖေ့ဘွတ်ခ်စာမျက်နှာတွင် ပြည်သူများ သိလိုသမျှ မေးခွန်းများကို ကော်မရှင်က တာဝန်ယူ ဖြေကြားပေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။

“မေးလာတဲ့မေးခွန်းတွေကို ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေကို လွယ်ကူထိရောက်စွာနဲ့ ပြည်သူတွေ အကျိုးရှိအောင် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်”  ဟု ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။

တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ၏အခန်းကဏ္ဍ ဖေ့ဘွတ်ခ်စာမျက်နှာဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင် ကျင်းပခဲ့ပြီး သူရဦးရွှေမန်းက အမှာစကား ပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required