မွေးစားထားသော မိန်းကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်သူအား အရှေ ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး

မွေးစားထားသော မိန်းကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်သူအား အရှေ ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။              ။ မွေးစားထားသော အသက် အသက် ၃နှစ်မှ ၇နှစ် အရွယ်ကြားရှိ မိန်းကလေး ၄ဦးအား အဓမ္မပြုကျင့်ခဲ့သူ လှမိုး (ခေါ်) နီတွတ် ဆိုသူအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တရားရုံးတွင် သက်ငယ်မုဒိမ်းမှုဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်မေစိုးက မဇ္ဈိမသို့ အတည်ပြုခဲ့သည်။

“ ဒီနေ့ ရုံးထုတ်ပြီးတော့မှ တရားရုံးကနေပြီးတော့မှ ရှေ့နေက ဥပဒေအရာရှိကနေပြီးတော့ အမှုတက်တယ်ပေါ့လေ။ တက်ပြီးတော့ ဒီနေ့မှ တရားစွဲဆိုတာပါ။ လူကယ်ပြန်ကလည်း အမျိုးသမီးက ကလေးတွေအတွက် တရားစွဲမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ဖြစ်စဉ်မှာ ကလေးငယ် ၇ဦးကို ဗိုလ်တစ်ထောင်မြို့နယ် လမ်းသွယ်(၂) ရှိ တိုက်ခန်းပိုင်ရှင် ဒေါ်ခမ်းဆိုသူက မွေးစားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်များအား နှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေ ပြည်သူများက တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။  စစ်ဆေးရာမှ ကလေး ၇ ဦးအနက် မိန်းကလေး ၄ ဦး သည် အဓမ္မပြုကျင့်ခံရထားရကြောင်း ပေါ်ပေါ်က်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရာတွင် ဒရိုင်ဘာဖြစ်သူ လှမိုး (ခေါ်) နီတွတ်မှ မိန်းကလေး ၄ ဦးအား အိမ်ရှင်ဒေါ်ခမ်း မရှိသည့်အချိန်များတွင်  အဓမ္မပြုကျင့်ခြင်း၊ ဓမ္မတာနှင့်ဆန့်ကျင်သည်များကိုလည်း ခိုင်းစေ ခဲ့ကြောင်းသိရသောကြောင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က တရားလိုပြုလုပ်တိုင်ကြားခဲ့ကာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် ၎င်းအား တရားစွဲဆိုခဲ့သည်။

ကလေးငယ် ၇ ဦးမှာ အသက် ၃နှစ်မှ ၇နှစ် အရွယ်ကြားရှိ မိန်းကလေး ၄ဦး၊ အသက် ၁၁ နှစ် နှင့် အသက် ၅နှစ် အရွယ်ကြားရှိ ယောက်ျားလေး ၃ဦး တို့ ဖြစ်ပြီး အခန်းပိုင်ရှင်၏ မော်တော်ယာဉ်မောင်း က မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင် ဒေါ်ခမ်းမှာ အမေရိကန်နိုင်ငံသားခံယူထားပြီး   ယောကျာ်းလေး ၃ ဦး၊ မိန်းကလေး ၄ ဦးကို ခေါ်ယူမွေးစားထားပြီး ၎င်း၏ နေအိမ်တွင် ကလေးထိန်း၊ ဒရိုင်ဘာတို့နှင့်အတူထားရှိခဲ့ခြင်းဖြစ်သည်။

အိမ်ရှင်နှင့် ပတ်သက်ပြီး  “ သူ့ကို လူကုန်ကူးနဲ့လည်း စစ်တယ်။ ကလေးသူငယ်မှုကတော့ သေချာတယ်။ နောက်တစ်ခုက သူကိုယ်တိုင်ကလည်း ဟိုဘက်နိုင်ငံမှာ နိုင်ငံသားခံယူထားတယ်။ ဒီမှာလည်း မှတ်ပုံတင်နဲ့နေတယ်ဆိုတော့လေ၊ ဒီကိစ္စက လဝကမှာလည်း တာဝန်ရှိပါတယ်။ အခုအချိန်မှာတော့ သူ့ကို သေချာစစ်ဆေးနေပါတယ်ရှင့်” ဟု ဗိုလ်တထောင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်မေစိုးက ဇန်နဝါရီလလပိုင်းက မဇ္ဈိမသို့ ပြောထားသည်။

မုဒိန်းမှုကျုးလွန်သူ လှမိုး (ခ) နီတွတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က မုဒိမ်းမှုဖြင့် ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ကလေးမွေးစားသူ ဒေါ်ခမ်းနှင့် ကလေးထိန်း ဒေါ်ခင်မာညိုတို့ကိုလည်း အမှတ် (၆) လူကုန်တားမှု တားဆီးကာကွယ် ရေးအဖွဲ့ (ရန်ကုန်) မှ စစ်ဆေးနေကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက်နေ့မှစတင်ပြီး အဆိုပါ ကလေးငယ် ၇ ဦးကို  လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူ စောင့်ရှောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required