မလေးရှားကို လေးစားရန် မြောက်ကိုရီးယားသံရုံးရှေ့ ဆန္ဒပြ

မလေးရှားကို လေးစားရန် မြောက်ကိုရီးယားသံရုံးရှေ့ ဆန္ဒပြ

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၃ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ဖေဖော်ဝါရီ ၁၃ ရက်က လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့
ကွာလာလမ်ပူမြို့တော်က မြောက်ကိုရီးယားသံရုံးရှေ့မှာ လူဒါဇင်များစွာက ဆန္ဒပြပါတယ်။

ဦးရေအားဖြင့် ၃၅ ဦးခန့်ရှိတဲ့ ဆန္ဒပြသူတွေက အဆိပ်ခတ်လုပ်ကြံခံရတဲ့ ကင်ဂျုံးနမ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ခုလိုသံရုံးရှေ့ ဆန္ဒပြနေကြတာဖြစ်ကြောင်း EPA သတင်းထောက်က ဆိုပါတယ်။

ဆန္ဒပြသူအများစုက မလေးရှားနိုင်ငံရဲ့ အကြီးဆုံးနိုင်ငံရေးပါတီ UMNO နဲ့ အာဏာရညွန့်ပေါင်းအဖွဲ့ဝင်တွေအပြင် မလေးရှားအိန္ဒိယကွန်ဂရက်ပါတီက အဖွဲ့ဝင်တွေ အများစုဖြစ်ကြပါတယ်။

မလေးရှားကို လေးစားပါ၊ ကင်ချီသာ အလိုရှိ ကင်သေဆုံးမှု အလိုမရှိစတဲ့ စာတမ်းတွေအပြင် Gangnam Style သီချင်းနဲ့ နာမည်ကြီးလာသူ တောင်ကိုရီးယား ပေါ့ပ်အဆိုေတော် Psy ကိုရည်ညွန်းတဲ့ Psy အလိုရှိတယ်။ Spy သူလျှိုအလိုမရှိပါ။ စတဲ့စာတမ်းတွေ ကိုင်ဆောင် ဆန္ဒပြတာဖြစ်ပါတယ်။

ဆန္ဒပြအုပ်စုက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြောက်ကိုရီးယားသံရုံးဟာ သင့်တော်တဲ့ လုပ်ရပ်မရှိကြောင်း၊ သိက္ခာမဲ့ပြီး သံတမန်မပီသစွာ မလေးရှားကို အပြစ်ဆိုနေကြောင်း ပြောဆိုပြီး ဒီသံရုံးဟာ မလေးရှားရဲ့ အချုပ်အခြာရယ်၊ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအပေါ်ကို မလေးမစားဆက်ဆံနေတယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။

မလေးရှားအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်စဉ်းစားသွားရန်နှင့် ဗီဇာမဲ့သွားလာခွင့် ရုပ်သိမ်းရန်တို့ကို တိုက်တွန်းပြောဆိုပါတယ်။

မြောက်ကိုရီးယားသံရုံးရှေ့မှာ ရဲအင်အား ၂၀ ခန့် အစောင့်ချထားပေမယ့် ဖမ်းဆီးတာမျိုးမရှိသေးကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly