ထိုင်ဝမ်သမ္မတနန်းတော် ပုံတူတည်ဆောက်၍ စီးနင်းတိုက်ခိုက်ခဲ့သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က တရားဝင် ကန့်ကွက်

ထိုင်ဝမ်သမ္မတနန်းတော် ပုံတူတည်ဆောက်၍ စီးနင်းတိုက်ခိုက်ခဲ့သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က တရားဝင် ကန့်ကွက်

တရုတ်စစ်တပ်က ထိုင်ဝမ်သမ္မတနန်းတော် ပုံစံတူတည်ဆောက်ပြီး စီးနင်းတိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟူသည့် သတင်းများအပေါ် ထိုင်ဝမ်က တရားဝင် ဆန့်ကျင်ကန့်ကွက်လိုက်သည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သားများက ထိုင်ဝမ်သမ္မတရုံးနှင့် ပုံသဏ္ဍာန်ဆင်တူသည့် အနီရောင်အဆောက်အအုံဆီသို့ ပြေးသွားနေပုံ ဗွီဒီယိုကလစ်များကို တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်း CCTVက ယခုလအစောပိုင်းက ထုတ်လွှင့်ပြသခဲ့သည်။ မြို့တော် တိုင်ပေ၏ နှလုံးသည်းပွတ်နေရာတွင်ရှိ သမ္မတနန်းတော်အဆောက်အအုံနှင့် ဆင်တူနေမှုများကြောင့် ထိုင်ဝမ်မီဒီယာနှင့် နိုင်ငံရေးသမားများကြားတွင် မကျေနပ်မှုများကို ဖြစ်ပေါ်လာစေခဲ့သည်။

စစ်ရေးလေ့ကျင့်မှုကို CCTVက ဇူလိုင်လ ၅ရက်နေ့က ထုတ်လွှင့်ခဲ့သော်လည်း ရှန်ဟိုင်းအခြေစိုက် နေ့စဉ်သတင်းဝဘ်ဆိုက် တစ်ခုက ထိုင်ဝမ်ပြဿနာကို တရုတ်က အင်အားသုံဖြေရှင်းမည်ဟူသော ပြောကြားချက်နှင့်အတူ လိုင်းတင်ပုံနှိပ်လာမှသာ ထိုင်ဝမ်က သတိပြုမိလာခဲ့သည်။

'ဆက်သွယ်ရးယန္တရားကနေတစ်ဆင့် လေးနက်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတစ်ခုကို ကျွန်တော်တို့ ပြုလုပ်ခဲ့ပါတယ်'ဟု ထိုင်ဝမ်၏ ပြည်မကြီးရေးရာကောင်စီ ပြောခွင့်ရအမျိုးသမီး ဝူမေဟန်းက ဇူလိုင်လ ၂၄ရက်နေ့က ပြောကြားခဲ့သည်။  

ထိုင်ဝမ် သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ တရုတ်စစ်တပ်က ထိုင်ဝမ်သမ္မတနန်းတော်ပုံစံ အဆောက်အအုံတစ်ခု ဖန်တီးကာ လေကြောင်း၊ သံချပ်ကာကားများနှင့် စီးနင်းတိုက်ခိုက်မှုကို လေ့ကျင့်ခဲ့သည်ဟု ဆိုသည်။ အနာဂတ်တွင် ထိုင်ဝမ်၏ အရေးအကြီးဆုံး နိုင်ငံရေးအဆောက်အအုံကို တိုက်ခိုက်ရန် တရုတ်က ၎င်း၏ စစ်တပ်များကို ပြင်ဆင်နေသည်ဟု တိုင်ပေက သံသယရှိနေသည်။

စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင်မူ ဤကဲ့သို့ စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်လူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအဖို့ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းနှင့်  တရုတ်ကွန်မြူနစ်ပါတီမှာ ထိုင်ဝမ်ကို လက်နက်ဖြင့်တိုက်ခိုက်သည့် နည်းလမ်းကို မစွန့်လွှတ်သေး့ဘဲ၊ ထိုင်ဝမ်ကို အင်အားသုံး အနိုင်ယူန်ရည်ရွယ်ချက်ဖြင့် စစ်တပ်ကို ပြင်ဆင်နေသည်ဟု ဆိုသည်။

တရုတ်အစိုးရကမူ ထိုင်ဝမ်မှာ စစ်ရေးလေ့ကျင့်မှု၏ လေ့ကျင့်ကွင်းမဟုတ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ပုံမှန်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

Ref: The Times of India

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly