ဒေါ်နယ်ထရမ့်ရဲ့ ရွှေ့ပြောင်းဝင်ရောက်သူများ ပြည်နှင်ဒဏ်ပေးတဲ့ ပေါ်လစီကို မက္ကဆီကို ပယ်ချ

ဒေါ်နယ်ထရမ့်ရဲ့ ရွှေ့ပြောင်းဝင်ရောက်သူများ ပြည်နှင်ဒဏ်ပေးတဲ့ ပေါ်လစီကို မက္ကဆီကို ပယ်ချ

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။                ။ အမေရိကန်နိုင်ငံရဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ပြည်နှင်ဒဏ်ပေးတဲ့ ပေါ်လစီကို မက္ကဆီကိုနိုင်ငံက ရှုတ်ချလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ထရမ့်အစိုးရ ထုတ်ပြန်တဲ့ စီမံချက်လမ်းညွှန်ချက်သစ်အရ အမေရိကန်နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသူ အားလုံးနီးပါးကို ပြည်နှင်ဒဏ်ပေး ဖြစ်စေမှာ ဖြစ်ပါတယ်။

“အခြားနိုင်ငံက အစိုးရတစ်ရပ်က တစ်ဖက်သတ်ပြဌာန်းဆုံးဖြတ်တာကို လက်မခံနိုင်ဘူး။”ဟု မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး ဗီဒီဂါရေးက ဆိုပါတယ်။

အမေရိကန်က ထိပ်တန်းတာဝန်ရှိသူနှစ်ဦး မက္ကဆီကိုသို့ လာရောက်ဖို့ ရှိနေချိန်မှာ ခုလိုအခြေအတင် ပြောဆိုမှု ဖြစ်လာတာပါ။

နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နဲ့ ပြည်ထဲရေးဝန်ကြီး ဂျွန်ကဲလ်လီက မက္ကဆီကိုတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ လာရောက်တာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချမှတ်ချက်သစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့အတွက် သွားရောက်တာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ထရမ့်အစိုးရသစ် ချမှတ်ချက်သစ်တွေအရ အမေရိကန်နိုင်ငံအတွင်း အထောက်အထားမဲ့ရွှေ့ပြောင်းဝင်ရောက်သူ ဆယ့်တစ်သန်းနီးပါးကို ပြည်နှင်ဒဏ်ပေးဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ရာဇဝတ်မှုမကင်းတဲ့သူတွေကို အဓိကပစ်မှတ်ထားနေဆဲပဲ ဖြစ်ပါတယ်။

ဘယ်အရပ်ကမဆို တရားမဝင်ဝင်ရောက်သူဖြစ်ပါက အမေရိကန်နိုင်ငံအတွင်း နှစ်နှစ်ကျော် နေထိုင်သေးခြင်းမရှိသေးရင် ချက်ချင်းပြည်နှင်ဒဏ်ပေးမှာ ဖြစ်ပါတယ်။

ဒါအပြင် မက္ကဆီကို နယ်စပ်ကနေ အမေရိကန်အတွင်း ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အခြားနိုင်ငံက နိုင်ငံသားဖြစ်နေလည်း မက္ကဆီကိုနိုင်ငံဆီပဲ ပြန်လည်ပေးပို့မယ့် ချမှတ်လမ်းညွန်ချက်လည်း ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags