အောင်ဘာလေထီ ဥပဒေ ပြဌာန်းရန် စီစဉ်နေ

အောင်ဘာလေထီ ဥပဒေ ပြဌာန်းရန် စီစဉ်နေ

နေပြည်တော်(ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ အောင်ဘာလေထီလုပ်ငန်းများ တိုးချဲ့ရန်နှင့် ဈေးကွက်စီးပွားရေးစနစ်နှင့် လျော်ညီစေရန် ဥပဒေတစ်ရပ် ပြဌာန်းသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောဆိုလိုက်သည်။

“ထီလုပ်ငန်များ တိုးချဲ့နိုင်ရန် Electric ထီ E Lottery စနစ် တိုးချဲ့နိုင်ရေးအတွက်ကိုလည်း အောင်ဘာလေထီ ဥပဒေပြဌာန်းနိုင်ရေးဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

ထို့အပြင် လက်ရှိ ၂၀၀ကျပ်တန် အောင်ဘာလေထီလက်မှတ်များအပြင် ၅၀၀ကျပ်တန် ထီလက်မှတ်များကိုလည်း မကြာမီဖွင့်လှစ်သွားရန် စီစဉ်နေသည်ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။

ဖေဖော်ဝါရီ၂၂ရက်နေ့က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၁၂ရက်မြောက်နေ့က မြန်မာနိုင်ငံအတွင်းရှိ ထီထိုးသူပြည်သူလူထုများ အဆင်ပြေစေရန် ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့်မှုခင်းလျော့ချရေးကိုတစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်သော အောင်ဘာလေထီရောင်းရငွေ၏အခွန်၄၀ရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်းအား အောင်ဘာလေသိန်းထီဆုအဖြစ်ထည့်သွင်းပေးပြီး ထီရောင်းရငွေမှအခွန်ငွေ ၃၀ရာခိုင်နှုန်းသာကောက်ခံ သင့်ကြောင်းပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်ပြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုနှင့်ပတ်သက်၍လည်း လွှတ်တော်က မှတ်တမ်းတင် ထားရှိရန် သဘောတူဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်တို့ အခွန်၄၀ရာခိုင်နှုန်းဆိုသော်လည်း နိုင်ငံတော်ကအမှန်ရရှိမှုက ၃၁ရာခိုင်နှုန်းသာရှိပါတယ်။ နိုင်ငံတော်ရဲ့အခွန်အကောက်ရရှိမှုဟာ ပတ်ဝန်းကျင်နိုင်ငံနဲ့နှိုင်းယှဉ်လို့ရှိရင်များစွာ နည်းပါးလျက်ရှိပါတယ်။ဒါကြောင့် လက်ရှိ လေးဆယ်ရာခိုင်နှုန်းသာဆက်လက်ထားရှိသင့်တာကြောင့် အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ်သာထားရှိပေးပါခင်ဗျ”ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required