ဘာစီလိုနာကို အနိုင်ရခြင်းက မန်ယူဘာလုပ်နိုင်သည်ကို တစ်ကမ္ဘာလုံးအား ပြသနိုင်ခဲ့ခြင်းဟု နည်းပြဗန်ဟားလ် ပြော

ဘာစီလိုနာကို အနိုင်ရခြင်းက မန်ယူဘာလုပ်နိုင်သည်ကို တစ်ကမ္ဘာလုံးအား ပြသနိုင်ခဲ့ခြင်းဟု နည်းပြဗန်ဟားလ် ပြော

ဇူလိုင် ၂၆၊ ကယ်လီဖိုးနီးယား။ ။ အင်တာနေရှင်နယ်ချန်ပီယံများဖလားပြိုင်ပွဲတွင် ဘာစီလိုနာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က မန်ယူအသင်းဘာလုပ်နိုင်သည်ကို တစ်ကမ္ဘာလုံးအား ပြသနိုင်ခဲ့ပြီဟု ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်ယူအသင်းအတွက် ရွန်နီ၊ လင်ဂတ်နှင့် ယာနူဇေးတို့က ဂိုးသွင်းခဲ့ကြပြီး ဘာစီလိုနာအတွက် ချေပဂိုးကို ရာဖင်ဟာက သွင်းယူခဲ့သည်။

ဗန်ဟားလ်က 'ပြီးခဲ့တဲ့ နှစ်က ဘာဖြစ်ခဲ့လဲ ခင်ဗျားတို့ သိလား။ ကျွန်တော်တို့ ချန်ပီယံလိဂ် ချန်ပီယံရီးယဲလ်ကို ၃-၁ နဲ့နိုင်ခဲ့တယ်။ အခုလည်း ချန်ပီယံလိဂ် အရှင်သခင်တွေကို ထပ်နိုင်ခဲ့တယ်။ ရာသီကြို ပွဲရလဒ်တွေက ဘာကိုမှတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ မန်ယူအသင်းဘာလုပ်နိုင်တယ်ဆိုတာကို တစ်ကမ္ဘာလုံးကို ချပြနိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်။ ဒီအခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ စပါးကို အနိုင်ရအောင် ကစားနိုင်ပါလိ့မ်မယ်' ဟု ပြောသည်။

ထို့နောက် ဆက်လက်ပြီး ၎င်းက 'ဒီပွဲမှာ ကျွန်တော်တို့ ဘာစီလိုနာထက်ပိုပြီး အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျေနပ်ပါတယ်။ ဒုတိယပိုင်းမှာ လူငယ်ကစားသမားတွေက ကစားကွက်ပုံစံ မပျက်သွားအောင် ဆက်လက်ကစားနိုင်ခဲ့လို့ ပိုပြီး ပျော်ရွှင်ရပါတယ်။

ဘာကာရဲ့ ကန်ချက်သုံးလုံးလောက် တိုင်ထိခဲ့တာကတော့ ကျွန်တော်တို့ ဒီပွဲမှာ အနည်းငယ်တော့ ကံကောင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ကံကောင်းမှုကလည်း လိုအပ်ပါတယ်။ ကျွန်တော် ချယ်လ်ဆီးနဲ့ပွဲကို အခုထက်ထိ သတိရနေတုန်းပါ။ ကျွန်တော်တို့အသင်းက အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့လို့ ရှုံးခဲ့ရပါတယ်။ အခု အမေရိကန်မှာ ကျွန်တော်တို့ ကံကောင်းနေတာလား ဆိုတာကတော့ မသေချာပါဘူး' ဟု ပြောသည်။

မန်ယူအသင်းသည် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပီအက်စ်ဂျီနှင့် ကစားရမည်ဖြစ်ပြီး ထို့နောက်တွင် သြဂုတ်လ ၈ ရက်နေ့၌ စပါးအသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly